ပန်းတောင်း ဒီဇင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းများကို ယနေ့ နံနက်ပိုင်းက ဆေးထိုးစုရပ် (၄)နေရာတွင် ဆက်လက်ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူများ ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြောင်း ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ်(၄)နေရာဖြစ်သည့် ရပ်သာကျေးရွာ (ဘုန်းကြီးကျောင်း)၊ ထုံဘို(မြသိန်းတန်ဘုရား)၊ တုံကင်း(ဓမ္မာရုံ)၊ သရက်လိန်ကျေးရွာ တို့တွင် သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံဆောင်ရွက်ပေးနေကြောင်း သိရကာ ကာကွယ်ဆေး လာရောက်ထိုးနှံသူများ စိတ်အေးချမ်းစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း (Volunteer)အဖွဲ့ဝင်များက လိုအပ် သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယနေ့ ဆေးထိုးစုရပ် (၄)နေရာတို့တွင် ပထမအကြိမ် ကာကွယ်ဆေး လာရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါအန္တရာယ် ကင်းဝေးစေရန်နှင့် ကူးစက်ပျံ့ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ကာကွယ်ဆေး မထိုးနှံရသေးသူများ အား ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး သက်ဆိုင်ရာ ဆေးထိုးစုရပ်များတွင် ဒေသခံပြည်သူများက စိတ်အားထက်သန်စွာ ကာကွယ်ဆေးများ လာရောက်ထိုးနှံကြကြောင်းလည်း သိရသည်။ ထိုးနှံပေးရန် ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)