ရေကြည် ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့ နံနက်(၉)နာရီ အချိန်က ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)မှ မြို့နယ်တာဝန်ခံ ဦးမင်းဇော်ဦနှင့် တွေ့ဆုံ၍ မသန်စွမ်း သူများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာဝင်းက မသန်စွမ်းသူများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)မှ မြို့နယ် တာဝန်ခံ ဦးမင်းဇော်ဦးက မသန်စွမ်းသူအမျိုးအစား (၄)မျိုးမှာ အမြင်အာရုံချို့ယွင်းသူနှင့် မျက်မမြင်၊ အကြားအာရုံချို့ယွင်းသူနှင့် နားမကြား၊ ကိုယ်အင်္ဂါမသန်စွမ်းသူနှင့် ဉာဏ်ရည်မသန် စွမ်းသူတို့ဖြစ်ကြောင်း၊ မသန်စွမ်းသူအခွင့်အရေး ဥပဒေပါအကြောင်းအရာများနှင့် ဖောင်ဒေး ရှင်းအနေဖြင့် မသန်စွမ်းသူများအား ကိုဗစ်-၁၉ ကာလအတွင်း စားနပ်ရိက္ခာများကို အိမ်တိုင်ယာရောက် တက်အားသရွေ့ ထောက်ပံ့ပေး ခြင်းများဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်မှ ပြည်သူများအား အခမဲ့ထိုးပေးလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးကိုလည်း ရပ်ကွက်ကျေးရွာများ အတွင်းရှိ အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ မဖြစ်မနေ ဆေးထိုးနိုင်ရေးကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လူမှုဝန်ထမ်း ဦးစီးဌာနအနေဖြင့် မသန်စွမ်းသူများအား ကူညီထောက်ပံ့ပေးရာတွင်လည်း ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများကို အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ကာလအတွင်း အွန်လိုင်းမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိပါသည်။
မြို့နယ် (ပြန်/ဆက်)