ပန်းတောင်းမြို့နယ် ဥသျှစ်ပင်စည်ပင်သာယာဈေးရှေ့တွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်သရုပ်ပြ

ပန်းတောင်း ဒီဇင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်စည်ပင်သာယာစျေးရှေ့တွင် ပွင့်လင်းရာသီကာလ စျေးမီးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်လာပြည်သူများအား မီးဘေးဇာတ်တိုက် လေ့ကျင့် သရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ စည်ပင်သာယာဈေးရှေ့တွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ မီးဘေးဇာတ်တိုက် လေ့ကျင့်သရုပ်ပြပွဲတွင် ပန်း​တောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးကိုကိုဝေဟိန်းက ပွင့်လင်းရာသီကာလ ရောက်ရှိလာပြီဖြစ်၍ ဈေးသူ၊ ဈေးသားများနှင့် ဒေသခံပြည်သူများအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရ မည့်အချက်များ၊ လျှပ်စစ်မီးကြောင့် မီးဘေးအန္တရာယ် ဖြစ်ပွားရခြင်း၏ အကြောင်းအရင်း များ၊ မီးလောင်မှုဖြစ်ပွားပါက အရေးပေါ်မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူး စီစဉ် ဆောင်ရွက်ထားရှိရေးနှင့် မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုနည်းများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တာဝန်ခံမြို့နယ် မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ဈေးအကျိုးတော်ဆောင် အဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်လာသည့် ပြည်သူများကို မီးသတ်ဆေးဘူးအသုံးပြု၍ ဆီပူမီးလောင်မှုအား မီးငြှိမ်းသတ်နည်းသရုပ်ပြခြင်း၊ မီးငြှိမ်းသတ်ယာဉ်ဖြင့် ဇာတ်တိုက် လေ့ကျင့် မီးငြှိမ်းသတ်နည်း လေ့ကျင့်သရုပ်ပြသခြင်း၊ ဈေးအတွင်းရှိ ရေငုတ်များဖြင့် မီးငြှိမ်း သတ်နည်း သရုပ်ပြသခြင်းတို့ကို လေ့ကျင့်သရုပ်ပြသရာ တက်ရောက်လာကြသည့် ပြည်သူ များက စိတ်ဝင်တစ်စား လေ့လာကြည့်ရှုကြပြီး မီးငြှိမ်းသတ်နည်းတွင် ပါဝင်သရုပ်ပြ လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များက လာရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။    

သင်းသင်းအေး (ပြန်/ဆက်)