မင်းဘူး ဒီဇင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ထွန်စက်များနှင့် ထွန်ယက်ရေးကိရိယာများအား မြို့နယ်သမဝါယမ ဦးစီးဌာနသို့ လွဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က စက်မှုလယ်ယာ ဦးစီးဌာန၌ လွဲပြောင်းပေးအပ်ခဲ့သည်။
ပေးအပ်ပွဲတွင် မင်းဘူး(စကု)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မြင့်က တိုင်းဒေသကြီးအစိုးရ အနေဖြင့် မြို့နယ်အတွင်းရှိ လယ်/ယာကိုင်းကျွန်း လုပ်ကိုင်သူ တောင်သူများအား ဒေသထွက်သီးနှံများ စိုက်ပျိုးလုပ်ကိုင်ရာတွင် ငွေကြေးအကုန်အကျ သက်သာစွာ ငှားရမ်း ထွန်ယက် စိုက်ပျိုးလုပ်ကိုင်မှသာ ဝင်ငွေတိုးပွားပြီး ကျေးလက်နေ ပြည်သူများ၏ လူနေမှုဘဝသည် မြင့်မားလာမှာ ဖြစ်သည့်အတွက် ယခုလို လယ်ယာသုံး ထွန်စက်များကို လွဲပြောင်းပေးအပ်ခြင်း ဖြစ်ကြောင်းတို့ကို ဆွေးနွေးပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက New Holland (T-40) ထွန်စက် ( ၂ ) စီးနှင့် ထွန်ယက်ရေးကိရိယာ (၃) မျိုးတို့ကို မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ဦးကိုကိုအောင်အား လွဲပြောင်း ပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ရှင်ပင်ချမ်းသာကြီးဘုန်းတော်ကြီး ကျောင်းဝင်း အတွင်း အမှတ် ( ၃ ) ရပ်ကွက်နှင့် အမှတ် ( ၄ ) ရပ်ကွက်မှ ရပ်ကွက်နေပြည်သူများ၏ ကာကွယ်ဆေး ထိုးနှံနေမှုကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ထိုးနှံရာတွင် အမှတ် ( ၃ )နှင့် အမှတ် ( ၄ ) ရပ်ကွက်များရှိ ဒေသခံပြည်သူများအပြင် ဈေးသူဈေးသားများပါ လာရောက်ထိုးနှံကြရာ ဆေးထိုးနှံသူပေါင်း ၃၀၀ ကျော်ရှိပြီး ဒီဇင်ဘာ ၁၀ ရက်နေ့တွင်လည်း ဆက်လက်ထိုးနှံ သွားမှာဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ဇေယျာထက် (မင်းဘူး)