လွိုင်ကော်မြို့၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ

လွိုင်ကော် ဒီဇင်ဘာ ၉

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်း အမှတ်အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လွိုင်ကော်မူလတန်းကြို ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ကယားပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီး ဦးအောင်ဝင်းဦးက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ လျော့နည်းပပျောက်စေရန် အတွက် ခင်ပွန်းသည်များ၊ ဖခင်များ၊ မိတ်ဆွေသူငယ်ချင်းများအပြင် ဆုံးဖြတ်ချက်ချခွင့်ရှိသူများ၊ ရပ်ရွာလူထုခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များအနေဖြင့်လည်း အဓိကကျသည့် အခန်း ကဏ္ဍတွင် ပါဝင်ဆောင်ရွက်နိုင်ပါကြောင်း၊ အကြမ်းဖက်မှုများကို အားပေးနေသည့် တစ်ချို့သော စံနှုန်းများကိုလည်း တိုက်ဖျက်ရန်လိုအပ်ကြောင်း၊ အကြမ်းဖက်ခံရသော အမျိုးသမီးများအတွက် လိုအပ်သောဝန်ဆောင်မှုများ ပံ့ပိုးပေးရန် Gender Budgeting ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုကြောင်း၊ ကျား၊ မ အခြေပြုအကြမ်းဖက်ခြင်းနှင့် ပတ်သက်ပြီး ဆောင်ရွက်နေကြသည့် လူမှုရေးအဖွဲ့ အစည်းများအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ပေးရန် ပြောကြားလိုကြောင်း အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။

ထို့နောက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Video Clip ပြသပြီး ပန်းအလှပြိုင်ပွဲနှင့် အချက်အပြုတ်ပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ကယားပြည်နယ် အမျိုးသမီး ကော်မတီဥက္ကဋ္ဌ၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူတို့က ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)