ဟိုတယ်လုပ်ငန်းနှင့် တည်းခိုရိပ်သာများတွင် Version 3.0 အချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

ချောင်းသာ    ဒီဇင်ဘာ   ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ဟိုတယ်လုပ်ငန်းနှင့် တည်းခိုရိပ်သာများတွင် Version 3.0 အချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိကို ယနေ့နံနက် ၁၀ နာရီက မြို့အုပ်ချုပ်မှူး ဦးသီဟအောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့စစ်ဆေးရာတွင် ဧည့်လက်ခံကြိုဆိုရေးဌာန၊ နည်းပညာနှင့် ထိန်းသိမ်းမှုဝန်ဆောင်ရာဌာန၊ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများရှိ စားသောက်ဆိုင်များ၊ စားသောက်ခန်းများနှင့် ဘားများ၊ ကလေးများ၏ ကစားကွင်းနေရာများ၊ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်း သန့်ရှင်းရေးများ၊ ဝန်ထမ်း(သို့မဟုတ်)ဧည့်သည့် ရောဂါကူးစက်ခံရမှု စသည်တို့ပါဝင်သည့် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်သည့် Version 3.0 ပါ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက် ထားရှိမှုတို့အပြင် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားမှုများကို စစ်ဆေးခြင်းဖြစ်ကြောင်း မြို့ အုပ်ချုပ်ရေး မှူး ထံက သိရသည်။

အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်မှူး ၊ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မြို့စည်ပင် သာယာရေးအဖွဲ့နှင့် မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ အဖွဲ့များက ဟိုတယ်လုပ်ငန်းနှင့် တည်းခိုရိပ်သာများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း လမ်းညွှန်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ကျော်ကျော်