ပခုက္ကူမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အမျိုးသမီးစက်ချုပ် (အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြား

ပခုက္ကူ  ဒီဇင်ဘာ  

နည်းပညာနှင့်အတတ်ပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် အမျိုးသမီးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်၊ ထိုပညာရပ်များဖြင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ပြီး မိသားစုဝင်ငွေ တိုးပွားလာစေရန်ရည်ရွယ်၍  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်၊ သဘာဝဘေး ဒဏ်ခံဘက်စုံသုံးအဆောက်အဦတွင် ယနေ့နံနက်ပိုင်း က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အမျိုးသမီးစက်ချုပ် (အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် အခြေခံစက်ချုပ်နည်းများအပါအဝင် ထိုင်းစင်တီမီတာနှင့် အဆင့်မြင့် လက်မတိုင်းတာနည်း စသည့်အမျိုးသား၊ အမျိုးသမီး အဝတ်အထည်ဒီဇိုင်းရေးဆွဲနည်းများကို စာတွေ့လက်တွေ့စနစ်တကျ သင်ကြားပို့ချပေးလျက်ရှိပြီး   ပခုက္ကူမြို့ပေါ်နှင့် ကျေးရွာများမှ သင်တန်းသူ ၂၃၅ ဦး တက်ရောက်ကြကြောင်း၊ သင်တန်းကာလမှာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက်နေ့အထိဖြစ်ပြီး သင်တန်းနည်းပြပရဟိတဆရာမ မအိ ဦးဆောင်သော နည်းပြဆရာမ ငါးဦးတို့က ပို့ချသင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းကို ပခုက္ကူမြို့၊ သီဟိုဠ်ရှင်စေတနာ (အခမဲ့)ဆေးခန်းနှင့် အရေးပေါ်လူနာတင်ယာဉ် ကူညီမှုအဖွဲ့ဝင်များ ပူးပေါင်း၍ အခမဲ့ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ဖြစ်စေရေး ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျတပ်ဆင်စေခြင်း၊ သင်တန်းခန်းမ အပေါက်ဝတွင် လက်ဆေးဘေးစင်ထားရှိခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက်သင်တန်းသူများအား အဖွဲ့ငါးဖွဲ့ခွဲ၍ တစ်ဖွဲ့ကို ၂နာရီကြာ သင်ကြားပေးကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလအတွင်း မိမိနေအိမ်တွင်နေထိုင်းရင်း ကိုယ်ပိုင်အလုပ်အကိုင်အခွင့်အလမ်းမှတဆင့် တပိုင်တနိုင်မိသားစုဝင်ငွေရရှိစေမည့် သင်တန်းများ၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်လိုအပ်မည့်သင်တန်းများကို အခမဲ့ဖွင့်လှစ်နိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့၊ သီဟိုဠ်ရှင်စေတနာ (အခမဲ့)ဆေးခန်းနှင့် အရေးပေါ်လူနာတင်ယာဉ်ကူညီမှုအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးတင်အောင်ကြည် ထံက သိရသည်။                               

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)