တောင်တွင်းကြီးမြို့နယ်တွင် (၇၄)နှစ်‌မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

တောင်တွင်းကြီး    ဒီဇင်ဘာ   ၉

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က (၇၄)နှစ်‌မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က ပြိုင်ပွဲကျင်းပခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြော ကြားခဲ့ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စကားပုံ ဆက်ပြိုင်ပွဲများ အားကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးတို့က ပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ ပြိုင်ပွဲ၀င်ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၀င်မှတ်တမ်းဓာတ်ပုံများနှင့် လွတ်လပ်ရေးနေ့ အကြောင်း သိကောင်းစရာ နံရံကပ်စာစောင်များအား ကြည့်ရှု့ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများ အား အခမ်းအနားဖြင့် ဆုများပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲ၊ ပြိုင်ပွဲများအား တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ အလယ်တန်းကျောင်း (မြို့မ) တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)