အောင်လံ ဒီဇင်ဘာ ၉
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ ရပ်ကွက်/ကျေးရွာ အုပ်စုများတိုက်နယ်ခွဲ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို လူဦးရေ (၃၀၀၀၀)အား ပထမအကြိမ် ထိုးနှံခြင်းကို ဒီဇင်ဘာလ(၃)ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာ(၈)ရက်နေ့အထိ လူဦးရေ (၃၀၀၀၀)အား ထိုးနှံပြီးစီးခဲ့ပြီး ထပ်မံရရှိသော လူဦးရေ(၁၂၀၀၀)အတွက် ကာကွယ်ဆေးများကို ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးမှုမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော (Sinopharm) ဆေးအမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ(၅)ဦးနှုန်းထိုးနှံနိုင်ပြီး (၂၈)ရက်ပြည့်လျှင် ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ရာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုတိုက်နယ် ဆေးထိုးစုရပ် (၇)နေရာမှ ရဟန်းသံဃာနှင့် ပြည်သူများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များက ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)