မင်းလှမြို့နယ်၌ မဲဆန္ဒရှင်စာရင်းပြုစုခြင်း လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

အထက်မင်းလှ ဒီဇင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ မဲဆန္ဒရှင်စာရင်းပြုစုခြင်း လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက်‌ မြို့နယ်ရွေးကောက်ပွဲ‌ ကော်မရှင်အဖွဲ့ဝင် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အခြေခံမဲဆန္ဒရှင် လူဦးရေစာရင်း ပြည့်စုံမှန်ကန်ရေးရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် အိမ်ထောင်စု လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း၊ ဖြည့်စွက် ပြင်ဆင်ခြင်း၊ နောက်ကျင်းပမည့် ရွေးကောက်ပွဲ၌ အသက်ပြည့်မီလာမည် မဲဆန္ဒရှင်စာရင်းများ ထပ်မံဖြည့်သွင်းခြင်း လုပ်ငန်းများကို သတ်မှတ်ရက်အတွင်း ပြီးစီးနိုင်ရေးအတွက် ဌာနဆိုင်ရာများမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန် ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိက       အိမ်ထောင်စု လူဦးရေစာရင်းနှင့် အခြေခံမဲစာရင်းများ စာရင်းရေးသွင်းပြီးစီးမှု အခြေအနေများနှင့် စာရင်းရေးသွင်းရန် ကျန်ရှိနေသည့် အိမ်ထောင်စုလူဦးရေးစာရင်းများ သတ်မှတ် ကာလအတွင်း အချိန်မှပြီးစီးနိုင်ရေးအတွက် ဌာနဆိုင်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် နေမှုများအား ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာသည့် ဌာနဆိုင်ရာများက    လူဦးရေ အိမ်ထောင်စုစာရင်းများ စာရင်းရေးသွင်းမှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ် လိုအပ်သည်များအား ဖြည့်စွက် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)