ပုသိမ် ဒီဇင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ၊ အမှတ် (၈) နယ်မြေ ကျောက်စရစ်ကုန်းရပ်ကွက်ရှိ ချန်ပီယံ ဖူဆယ်အားကစားကွင်းအတွင်း၌ ဖူဆယ်ဘောလုံးပြိုင်ပွဲ ပထမနေရာ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုးနှင့်ဝန်ထမ်းများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစား ဝါသနာပါသူများ တက်ရောက်၍ ပထမနေရာဗိုလ်လုပွဲသို့ တက်ရောက်၍ အားပေးကြည့်ရှု ခဲ့ကြသည်။
ပြိုင်ပွဲကို ဒီဇင်ဘာ ၁ ရက်နေ့က ချန်ပီယံဖူဆယ်အားကစားကွင်းတွင် စတင်ယှဉ်ပြိုင်ခဲ့ကြပြီး ၉ ရက် နေ့တွင် ပထမနေရာလုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုအဖြစ် ဆောင်ရွက်ခြင်းဖြစ်ရာ ပုသိမ် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ချန်ပီယံဖူဆယ်အားကစားပြိုင်ကွင်း ပိုင်ရှင် ဦးဖြိုး ဝေစိုးတို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ပြိုင်ပွဲသို့ ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက်အသီးသီး မှ ပြိုင်ပွဲဝင်အသင်းပေါင်း ၁၄ သင်း ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ပထမဆုကို ပုသိမ်မြို့နယ် အမှတ်(၁၄) နယ်မြေမှ KPL One အသင်းက ရရှိခဲ့ရာ ပထမဆုကြေးငွေကျပ် (၃) သိန်း၊ ဒုတိယဆု ရရှိသော အမှတ်(၆) နယ်မြေမှ ဟာရီကိန်းအသင်းအား ဆုကြေးငွေကျပ် (၂) သိန်းနှင့် တတိယဆုရရှိသော အမှတ်(၃)နယ်မြေမှ Ning Boy အသင်းတို့အား ဂုဏ်ပြုဆုတံဆိပ်များကိုလည်းကောင်း၊ ပထမဆုရရှိသော KPL ONE အသင်းအား တံခွန်စိုက်ဆုဖလားကို ပုသိမ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။