ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲဗိုင်းရပ်စ်များထက် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲ ရောဂါ ကူးစက်မှုလျော့နည်းစေရေး အသိပညာပေးနှိုးဆော်ဆောင်ရွက်

ဝေါ ဒီဇင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေးအတွက် အသိပညာပေး နှိုးဆော်မှုများအား ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဝေါမြို့ပေါ် ရပ်ကွက် များနှင့် ကျေးရွာများရှိ လူစည်ကားသည့် လမ်းဆုံလမ်းခွ နေရာများတွင် ဝေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ယခုအခါ ကိုဗစ်- ၁၉ ရောဂါမျိုးရိုးဗီဇပြောင်းလဲမှု အခြေအနေဖြင့် ၂၀၂၁ခု နှစ်နိုဝင်ဘာလ တတိယအပတ်အတွင်း ကိုဗစ်-၁၉ ရောဂါယခင်မျိုးကွဲ ဗိုင်းရပ်စ်များထက် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲမှုအများဆုံးနှင့် စိုးရိမ်ရသည့် မျိုးကွဲသစ်အား တောင်အာဖရိက နိုင်ငံမှ စတင်တွေ့ရှိရပြီး ကမ္ဘာ့နိုင်ငံများသို့ ကူးစက်ပျံ့နှံ့လျက်ရှိသည်။ အဆိုပါ မျိုးကွဲသစ်အား ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)မှ အိုမိကရွန်ခေါ် (B.1.1.529) အဖြစ် အမည်ပေး သတ်မှတ်ထားကြောင်း သိရ သည်။

မိဘပြည်သူများအနေဖြင့် အတက်နိုင်ဆုံး မိမိတို့၏ နေအိမ်များတွင်သာ နေထိုင်ခြင်းဖြင့် လူစုလူဝေးကို တက်နိုင်သမျှ ရှောင်ကြရန်၊ မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာပါက (Mask) နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရန်၊ အိမ်ပြင်ပထွက်ခွာတိုင်း Mask ကို မဖြစ်မနေတပ်ရန် အရာဝတ္တုပစ္စည်းတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုစက္ကန့်(၂၀)ကြာအောင် စနစ်တကျ လက်ဆေးပါ၊ လက်ကိုမကြာခဏ ဆေးကြောပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများကို ရှောင်ပါ၊ မိမိတို့ နေအိမ်များကို လေဝင်လေထွက်ရှိအောင် လုပ်ကြပါ စသည့် ကြေညာချက်များကို ကိုယ်စီလိုက်နာဆောင်ရွက်ခြင်းဖြင့် ရောဂါထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက် သွားကြရန်တို့ကို အသိပညာပေးနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)