ပြည် ဒီဇင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ် နိုင်ရေးနည်းလမ်းများကို ပြည်သူများ အသိ၊ သတိရှိစွာ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်/ ကျေးရွာများအတွင်း ယနေ့နံနက်ပိုင်းက အသံချဲ့စက်ဖြင့် လိုက်လံအသိပညာပေး နှိုးဆော် ခဲ့ကြောင်း သိရသည်။
ယင်းသို့အသိပညာပေးနှိုးဆော်ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများ အား အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း(mask)ကို စနစ်တကျ တပ်ဆင်ထားပြီး လူအများနှင့် ထိတွေ့ဆက်ဆံရပါက မျက်နှာအကာ(face shield)ကိုတွဲဖက်တပ်ဆင်ရန်၊
တစ်ဦးနှင့် တစဦးတတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်လုပ်ကိုင်ကြရန်၊ လက်ကို စက္ကန့်(၂၀)ကြာ စနစ်တကျ မကြာခဏ ဆေးကြောရန် စသည့် အချက်အလက်များ အပါအဝင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကိုလည်း အများပြည်သူ သိရှိနိုင်စေရန် Hand Speakerနှင့် Sound Box အသံချဲ့စက်တို့ဖြင့် အသိပညာပေးလှည့်လည် နှိုးဆော်ခဲ့ကြကြောင်းသိရသည်။