ထန်းတပင်မြို့နယ်တွင် အသက် ၁၈ နှစ်နှင့် အထက်ရှိသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ထန်းတပင် (ပဲခူး) ဒီဇင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် ကြီးကြပ်မှုဖြင့် အသက် ၁၈ နှစ်နှင့် အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံ ပေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က ထန်းတပင်မြို့နယ် သီရိမင်္ဂလာခန်းမ၌ ဆက်လက်ထိုးနှံပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်နှင့် အဖွဲ့ဝင်များ တာဝန်ရှိသူများက လှည့်လည်ကြည့်ရူစစ်ဆေးကာ လိုအပ်သည့် အကူအညီများ ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinovac အမျိုးအစားဖြစ်ပြီး ဆေးတစ်ပုလင်းလျှင်(၂)ဦးနှုန်းဖြင့် အသက် ၁၈ နှစ်နှင့် အထက်ပြည်သူ(၁၀၈)ဦးကို  ထိုးနှံပေးခြင်းဖြစ်သည်။  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို  အစီအစဉ် အတိုင်း ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးလျက်ရှိရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်း၊ တာဝန်ကျ ဌာနဆိုင်ရာများမှ ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။            ဆက်လက်၍ ဆေးထိုးရန် ကျန်ရှိနေသည့် ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူများကိုလည်း သတ်မှတ် ဦးစားပေး ကျေးရွာအုပ်စုများ အလိုက်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)