မြိတ် ဒီဇင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မိုဘိုင်းစနစ်ဖြင့် ထမင်းနှင့်ဟင်းတစ်ပွဲ(၅၀၀)ကျပ်နှုန်းကို စေတနာရှင် အလှူရှင်များနှင့် ဆန္ဒတူမိတ်ဆွေများစုပေါင်း၍ ယနေ့ နေ့လယ်ပိုင်းတွင် ကမ်းနား လမ်း We Love Myeik ဆိုင်းဘုတ်အရှေ့၌ တန်ဖိုးသင့် ရွေ့လျားထမင်းဆိုင်ဖြင့် ထမင်းနှင့်ဟင်း ပါဆယ်ဗူးများ စတင်ရောင်းချ ကြောင်း သိရခဲ့သည်။
“ကိုဗစ်ကြောင့် အလုပ်အကိုင်အခက်အခဲ၊ စားဝတ်နေရေးအခက်အခဲဖြစ်တဲ့ မိသားစုတွေကို တတ်နိုင်သလောက် ကူညီပေးတဲ့အနေနဲ့ ဆန္ဒတူတဲ့ မိတ်ဆွေတွေ စုပေါင်းပြီး ကိုယ်ကျိုး မကြည့်ဘဲ အခြေခံလူတန်းစား တွေများတဲ့နေရာတွေမှာ ရောင်းချပေးမှာဖြစ်ပါတယ်။ ရောင်းချ ပေးတာက ဒီနေ့ဆိုရင် ကြက်ဥနဲ့ ပဲကုလားဟင်း၊ နောက်ရက်တွေဆိုရင် ကြက်သားနဲ့ ဟင်းတစ်မျိုး၊ ငါးနဲ့ ဟင်းတစ်မျိုး မထပ်အောင် ရောင်းချပေးမှာဖြစ်ပြီး ဟင်း လည်း မထပ်သလို ရပ်ကွက်လည်း မထပ်အောင် အလှည့်ကျ ရောင်းချပေးမှာဖြစ်ပါတယ်”ဟု တန်ဖိုးသင့် ရွေ့လျား ထမင်းဆိုင်မှ စေတနာရှင်တစ်ဦး က ပြောသည်။
တန်ဖိုးသင့်ရွေ့လျားထမင်းဆိုင်၌ ထမင်းနှင့်ဟင်းရောင်းချပေးမည့် အစီအစဉ်သည် တစ်ပတ် လျှင်(၃)ရက် နေ့လယ်(၁၁)နာရီမှ(၁)နာရီအထိ အခြေခံလူတန်းစားများရှိသည့် နေရာများ ကို အလှည့်ကျစနစ်ဖြင့် တစ်နေ့လျှင် ထမင်းနှင့်ဟင်းပွဲ(၅၀၀)ကို တစ်ပွဲလျှင်(၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ငွေကြေးအခက် အခဲရှိသူများအတွက်လည်း ထမင်းနှင့်ဟင်း တစ်ပွဲ အခမဲ့ သုံးဆောင်နိုင်ရန် အခမဲ့ကတ်ပြား စီစဉ်ပေးထားပြီး အဆိုပါ ကတ်ပြားများ အတွက် စေတနာရှင်များက လှူဒါန်းပေးထားကြောင်း၊ ဟင်းလျာများ ချက်ပြုတ်ရာတွင် ဆီသန့်ကိုသာ အသုံးပြုထားကြောင်း သိရသည်။
ခိုင်ထူး(မြိတ်)