သာယာဝတီမြို့တွင် လူကုန်ကူးမှုနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင် ပြသဆောင်ရွက်

သာယာဝတီ သြဂုတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှု ဆိုင်ရာ အသိပညာ ပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ ပြသ ခြင်းကို သာယာဝတီမြို့နယ် နွယ်ခွေကျေးရွာအုပ်စု၊ တောင်သင် တောရိုးကျေးရွာတွင် ယနေ့ နံနက် ၁၀ နာရီက အများပြည်သူ ကြည့်ရှုသိရှိနိုင်စေရန် ပြသထားရှိသည်။

လူကုန်ကူးမှုဆိုင်ရာ သိကောင်းစရာ နံရံကပ်စာစောင်တွင် လူကုန်ကူးမှုပေါ်ပေါက်လာပုံ၊ လူကုန်ကူးမှု၏ လုပ်ငန်းစဉ်(၃) ဆင့်၊ လူကုန်ကူးမှု ဖြစ်ပွားစေသော အဓိကအကြောင်းများ၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက် ရှိသော လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူး ခံရခြင်းကြောင့် ရရှိလာသော ဆိုးကျိုးများ၊ လူကုန်ကူးသူများ အသုံးပြုသော နည်းလမ်းများ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက် စေသော ဆိုးကျိုးများနှင့် လူကုန်ကူးမှု သံသယရှိပါက ဆက်သွယ်နိုင်သော ဖုန်းနံပါတ်များ ပါဝင် သည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာ နံရံကပ်စာစောင်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မုန်တိုင်း ဘေး၊ ငလျင်ဘေး အစရှိသည့် သဘာဝဘေးနှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ ပါဝင်သည့် နံရံကပ်စာစောင်များအား ပြသထား ကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)