ခင်ဦး ဒီဇင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဂွေးကုန်းနည်းပညာ ပြန့်ပွားရေးစင်တာတွင် တောင်သူများဖိတ်ကြားပြီး ယမန်နေ့နံနက် ၁၀ နာရီက မိုးစပါးရိတ်သိမ်းချိန်လွန် နည်းပညာပေး သင်တန်းကို ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်လှကြိုင် က မိုးစပါးရိတ်သိမ်းချိန်လွန် နည်းပညာပေး သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများက မိုးစပါးရိတ်သိမ်းချိန်လွန် နည်းပညာများ၊ ဘက်စုံပိုးမွှား ကာကွယ်နှိမ်းနင်းနည်းစနစ်များ၊ နွေစပါး တစ်ဧက တင်း (၁၂၀) ထွက်ရှိရေး နည်းစနစ်များ၊ မြေဆီလွှာ အာဟာရဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် နည်းစနစ်များ၊ ဓာတ်မြေဩဇာ သုံးစွဲနည်းများ၊ မျိုးစေ့ထုတ်လုပ်ခြင်း နည်းစနစ်များ စသည်တို့ကို သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ သင်တန်းပို့ချခဲ့ပြီး ဂွေးကုန်းနည်းပညာ ပြန့်ပွားရေး စင်တာအနီးရှိ ကျေးရွာ (၅) ရွာမှ တောင်သူစုစုပေါင်း (၅၂) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးဝေအောင်