ကျောက်ကြီး ဒီဇင်ဘာ ၉
ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင် ကျောက်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာအချက်များကို ယနေ့နံနက်ပိုင်းက ကျောက်ကြီးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ကျဆင်းလာသည်မှာ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ လူမှုရေးအသင်းအဖွဲ့များ၏ ကူညီပံ့ပိုးမှုများအပြင် ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှု ကောင်းမွန်ခြင်းတို့၏ ရလဒ်ပင်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါနှင့် စပ်လျဉ်း၍ ဗီဇပြောင်း မျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန်ကူးစက် ပျံ့နှံ့မှုရက်ပိုင်းအတွင်းမှာပင် နိုင်ငံအရေအတွက် ပိုမိုများပြား လာခြင်းနှင့်အတူ အာဆီယံနိုင်ငံတစ်ခုဆီသို့ ရောက်ရှိလာပြီဖြစ်ရာ မိမိတို့နိုင်ငံနှင့် နီးကပ်လာလျက်ရှိနေပြီ ဖြစ်ကြောင်း၊ ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက်ကာကွယ်တားဆီးနိုင်ရေး သတိပြုကြရမည် ဖြစ်သော် လည်း ကြောက်စရာအဟုတ်ပါကြောင်း မိဘပြည်သူများအနေဖြင့် လူစုလူဝေးရှောင်ခြင်း အလိုအပ်ဘဲ မသွားလာခြင်း ပြင်ပထွက်တိုင်းနှာခေါင်းစည်း (Mask) တပ်ခြင်း၊ လက်ကိုစနစ်တကျ မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့် တစ်ဦးခြောက် ပေအကွာနေထိုင်ခြင်းစသည့် စည်းမျဉ်းစည်းကမ်းများအား ဆက်လက်လိုက်နာကျင့်သုံး သွားကြ ပါရန် တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။