ဘားအံ ဒီဇင်ဘာ ၉
ပညာရေးဝန်ကြီးဌာန၊ ဘားအံပညာရေးဒီဂရီကောလိပ်တွင် အသစ်ခန့်အပ်သော နည်းပြ၊ သရုပ်ပြ များ၊ အခြေခံပညာကျောင်းများတွင် အသစ်ခန့်အပ်သော လက်ထောက်မူလတန်းပြနှင့် လက်ထောက်အလယ်တန်းပြ ဆရာ၊ ဆရာမများ၏ ဆရာအတတ်ပညာမွမ်းမံသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီခန့်က ဘားအံ ပညာရေးဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပ သည်။
ဆရာအတတ်ပညာမွမ်းမံသင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အတွင်း ကျောင်းပေါင်း ၁၈၃၄ ကျောင်းရှိပြီး အဆိုပါကျောင်းများတွင် သင်ကြားရေးတာဝန်ယူရသည့် လူ့စွမ်းအားအရင်းအမြစ် ဆရာ/ဆရာမ ၁၁၀၂၆ ဦး ရှိကာ ဆရာ ဦးရေမှာ ၁၄ ရာခိုင်နှုန်းနှင့် ဆရာမဦးရေမှာ ၈၆ ရာခိုင်နှုန်းရှိကြောင်း၊ ဆရာဆိုသည်မှာ ပညာရေး အဆင့်တစ်ခုခုတွင် သင်ကြားရေးတာဝန် ထမ်းဆောင်သော သတ်မှတ်ပညာအရည်အချင်းနှင့် ပြည့်စုံသည့် သင်ကြားပို့ချသူ ဖြစ်ရန်လိုအပ်ကြောင်း၊ သင်တန်းဆင်း ဆရာ၊ဆရာမ များအနေဖြင့် လုပ်ငန်းခွင်ဝင်ရောက်သည့်အခါ အကြောင်းအရာပိုင်းဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာ အသိ ပညာနှစ် ရပ်စလုံးကို အသုံးပြုနိုင်သည့်စွမ်းရည်ကို ပြသကြစေလိုကြောင်း စသည်ဖြင့် အကျယ် တဝင့် ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆရာအတတ်ပညာမွမ်းမံသင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများအား ထောက်ပံ့ငွေကျပ် ၃၀၄၀၀၀၀(သုံးဆယ်သိန်းလေးသောင်းကျပ်)ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်က သင်တန်းဆင်းလက်မှတ်များ ပေးအပ် ချီးမြှင့်ကာ ဘားအံပညာရေးဒီဂရီကောလိပ် ဒုတိယကျောင်းအုပ်ကြီးဒေါ်ခင်မြင့်လှိုင်က သင်တန်း ဆင်း အမှာစကားပြောကြားသည်။
သင်တန်းဆင်းပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်နယ်အတွင်းရှိ နယ်မြေ ဒေသအသီးသီးသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် သင်တန်းသား၊ သင်တန်းသူများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး ဆရာအတတ်ပညာ ဦးစီးဌာနမှ အသစ်ခန့်အပ်သော နည်းပြ/သရုပ်ပြ ဆရာမ(၄)ဦး၊ အခြေခံပညာဦးစီးဌာနမှ အသစ် ခန့်အပ်သော လက်ထောက်အလယ်တန်းပြဆရာမ(၃)ဦးနှင့် လက်ထောက် မူလတန်းပြ ဆရာ၊ ဆရာမ(၁၄၉)ဦး စုစုပေါင်း (၁၅၆)ဦး သင်တန်းဆင်းခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့ အဝေးပြေးယာဉ်ရပ်နား စခန်းသို့ သွားရောက်ပြီး မော်တော်ယာဉ်လိုင်းများ စည်းစနစ်တကျဖြင့် ဝင်ထွက်ယာဉ်ရပ်နား စေရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား အလေးထား လိုက်နာဆောင်ရွက်နိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရမြင့်သူ၊ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အများပြည်သူကိုယ်လက်လှုပ်ရှား ကျန်းမာရေး လေ့ကျင့်ခန်း များဆောင်ရွက်နိုင်ရေး ကန်သာယာကန်တစ်ပတ်လူသွားလျှောက်လမ်း ဆောင်ရွက် ပြီးစီးမှုအပိုင်းနှင့် အလျား ၁၈၅၀ ပေ ခန့်ရှိ မြေသားဖို့လူသွားလျှောက်လမ်း ဆက်လက် ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)