ဘိုကလေး ဒီဇင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့အဝင်အထွက် ဂိတ်များ ဖြစ်ကြသည့် နတ်ချောင်းဂိတ်နှင့် ဘိုကလေး-စက်ဆန်းလမ်းဆုံဂိတ်များတွင် ကိုဗစ်-၁၉ကူးစက်ရောဂါအား ကြိုတင်ကာကွယ်တားဆီးခြင်း လုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များ ပူးပေါင်းကာ ယနေ့နံနက်(၉)နာရီမှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။
ကြိုတင်ကာကွယ်တားဆီးခြင်း လုပ်ငန်းများအား ဆောင်ရွက်ရာတွင် မြို့ဝင်/ထွက်ဂိတ်များတွင် ဖြတ်သန်းသွားလာကြသည့် အများပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးကြောင်း အထောက်အထား လက်မှတ်အား စစ်ဆေးဆောင်ရွက်လျက်ရှိပြီး အထောက်အထား လက်မှတ်ပြသနိုင်ခြင်းမရှိပါက ကိုဗစ်-၁၉ ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံပေးလျက်ရှိကြောင်းနှင့် အဆိုပါ အထောက်အထား လက်မှတ်စစ်ဆေးခြင်းနှင့် ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံမည့် အစီအစဉ်ကိုလည်း အများပြည်သူများ ကျယ်ပြန့်စွာ သိရှိနိုင်ရေး ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ မိမိတို့ ရပ်ကွက်၊ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် ဒီဇင်ဘာ(၈)ရက်နေ့ ညနေပိုင်းက လိုက်လံအသိပေး နှိုးဆော်ခဲ့ကြကြောင်း သက်ဆိုင်ရာမှ သိရသည်။
မိုးစက်