ဘိုကလေး ဒီဇင်ဘာ ၉
ဘေးအန္တရာယ်ရှိသည့် ကုန်စည်များနှင့် ဝန်ဆောင်မှုများ၊ တားမြစ်ထုတ်ကုန်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးတို့ကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်း၍ ကုန်အညွှန်းအမှတ် တံဆိပ်ဆိုင်ရာ အသိပညာပေးTalk Showအား ယနေ့နံနက်(၁၁)နာရီ၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ကျင်းပ ဆောင်ရွက်သည်။
အဆိုပါ Talk Showတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြိုနယ်ဦးစီးမှူး ဦးတင်ရွှေက Talk Show ကျင်းပဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ ဆွေးနွေးပြောကြားပြီး မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းအေးက စားသုံးသူ ကာကွယ်ရေး ဥပဒေအရ လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ သုံးစွဲမှု နည်းလမ်း၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်း ကုန်ဆုံးမည့်ရက်စွဲ၊ ထုတ်လုပ်မှု အမှတ်စဉ်တို့ကို ထည့်သွင်း ဖော်ပြရမည်ဖြစ်ကြောင်း၊ ပြည်တွင်းသို့ တင်သွင်းလာသော ကုန်စည်ဖြစ်ပါက တင်သွင်းသူ၏ အမည်၊ လိပ်စာ၊ လုပ်ငန်းအမည်လိပ်စာ၊ ထုတ်လုပ်သည့် နေရာ(သို့) ပြည်ပမှကုန်ပစ္စည်းတင်သွင်းပြီး ပြန်လည် ထုတ်ပိုးသည့်နေရာများ ထည့်သွင်းဖော်ပြရမည် ဖြစ်ကြောင်း၊ ကုန်စည်တွင် ပါဝင်သည့် ကုန်ကြမ်းပစ္စည်း အမည်၊ ပမာဏနှင့် ပါဝင်မှုအချိုးအစား၊ ဘေးထွက်ဆိုးကျိုးနှင့် ဓာတ်မတည့်ကြောင်း ဖော်ပြချက်၊ ကြိုတင်ပြင်ဆင် သတိပေးချက်များ၊ သက်ဆိုင်ရာအစိုးရဌာန၏ ဖော်ပြရန်သတ်မှတ်ထားသည့် အချက်အလက်များ ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။
Talk Show အား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ We Love Bogalay လူမှုကွန်ယက် စာမျက်နှာတွင် လွှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လူမှုကွန်ယက် စာမျက်နှာ တွင် အများပြည်သူမှတ်သားဖွယ်ရာများ၊ အသိပညာပေးကဏ္ဍများ၊ နိုင်ငံတော်ထုတ်ပြန်ချက်များနှင့် ဒေသဆိုင်ရာ သတင်းအချက်အလက်များအား အသိပညာပေး လွှင့်တင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)