ပွင့်ဖြူ ဒီဇင်ဘာ ၉
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအား ပွင့်လင်းရာသီကာလ မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ဈေးသူဈေးသားများနှင့် ဈေးဝယ်လာပြည်သူများအား မီးဘေးဇာတ်တိုက် လေ့ကျင့်သရုပ်ပြပွဲကို ဒီဇင်ဘာ ၈ ရက် ၊ ညနေ ၃ နာရီက အဆိုပါ မြို့မစည်ပင်သာယာဈေးကြီးတွင် ကျင်းပပြုလုပ် ခဲ့သည်။
အဆိုပါ မီးဘေးဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲတွင် ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ခံမီးသတ်ဦးစီးမှူး ဦးဟန်ဇာကျော်က ပွင့်လင်းရာသီကာလ ရောက်ရှိလာပြီဖြစ်၍ ဈေးသူဈေးသားများနှင့် ဒေသခံပြည်သူများအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရမည့်အချက်များ ၊ လျှပ်စစ်မီးကြောင့် မီးဘေးအန္တရာယ် ဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများ ၊ မီးလောင်မှုဖြစ်ပွားပါက အရေးပေါ်မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူး စီစဉ် ဆောင်ရွက် ထားရှိရေးနှင့် မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုနည်းများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် တာဝန်ခံမြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ ၊ ဈေးအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ဈေးသူဈေးသားများနှင့် ဈေးဝယ်လာသည့် ပြည်သူ များကို မီးသတ်ဆေး ဘူးအသုံးပြု၍ ဆီပူမီးလောင်မှုအား မီးငြှိမ်းသတ်နည်းသရုပ်ပြခြင်း ၊ မီးငြှိမ်းသတ်ယာဉ်ဖြင့် ဇာတ်တိုက် လေ့ကျင့် မီးငြှိမ်းသတ်နည်းလေ့ကျင့်သရုပ်ပြသခြင်း၊ ဈေးအတွင်းရှိ ရေငုတ်များဖြင့် မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းတို့ကို လေ့ကျင့်သရုပ်သရာ တက်ရောက်လာကြသည့် ပြည်သူများက စိတ်ဝင်တစ်စား လေ့လာကြည့်ရှု ကြပြီး မီးငြှိမ်းသတ်နည်းတွင် ပါဝင်သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လာရောက် ကြည့်ရှုအားပေးကာ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )