ပွင့်ဖြူ ဒီဇင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းစွာ နေထိုင်သွားနိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် တည်ဆောက်သည့် အလျား ၁၃၇ ပေ၊ အနံ ၃၂ ပေရှိ အာရ်စီနှစ်ထပ် ကျောင်းသားကျောင်းသူအိပ်ဆောင် အဆောက်အအုံသစ်မှာ ယခုအခါ ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီး သွားပြီဖြစ်ကြောင်း အဆိုပါ အဆောက်အအုံအား တာဝန်ယူတည်ဆောက်သည့် Galaxy Power ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဦးဝေယံထွန်း ထံမှ သိရသည်။
အဆိုပါ ကျောင်းသားကျောင်းသူ အိပ်ဆောင်အဆောက်အအုံသစ် ဆောက်လုပ်နိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ပုံငွေကျပ် ၂၆၂ ဒသမ ၉၆ သန်း ခွင့်ပြုချထားပေးခဲ့ပြီး တင်ဒါအောင်မြင်သည့် Galaxy Power ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူ၍ အလျား ၁၃၇ ပေ၊ အနံ ၃၂ ပေ၊ အာရ်စီနှစ်ထပ် အဆောက်အအုံသစ်အား အကောင်အထည်ဖော် တည်ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်၍ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းစွာ နေထိုင်သွားနိုင်တော့မည်ဖြစ်သည်။
အဆိုပါ တည်ဆောက်ပြီးစီးသည့် ကျောင်းသားကျောင်းသူအိပ်ဆောင် အဆောက်အအုံသစ်အား သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ လုပ်ငန်းအရည်အသွေး ပြည့်မီမှု ရှိ/ မရှိ ယနေ့နံနက်ပိုင်းက မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ကော်မတီအဖွဲ့ဝင်များက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တာဝန်ယူ တည်ဆောက်သည့် Galaxy Power ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဦးဝေယံထွန်းနှင့် ဒေါ်သက်စုမောင် တို့က အိပ်ဆောင်အဆောက်အအုံ ဆောက်လုပ်ခဲ့မှုအခြေအနေများကို ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး တင်ပြခဲ့သည်။ ထို့နောက် ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များက ဆောက်လုပ်ပြီးစီးသည့် အိပ်ဆောင်အဆောက်အအုံသစ်အား ရေရှည်တည်တံ့ကောင်းမွန်စေရန်နှင့် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ နေထိုင်သွားနိုင်ရေးအတွက် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်သွားရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)