ကျိုက်ဒုံမြို့၌ ကွမ်းသီးများ စျေးကောင်းရရှိသောကြောင့် တစ်ပိုင်တစ်နိုင် ကွမ်းသီးလုပ်ကိုင် နေသူများ ဝင်ငွေ ကောင်းများရရှိ

ကျိုက်ဒုံ ဒီဇင်ဘာ ၉

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့သည် ကွမ်းသီးများစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းပြီး ဒေသခံ များ၏ အဓိကစီးပွားရေးမှာ ကွမ်းသီးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ယခင်နှစ်က ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ကုန်စည်စီးဆင်းမှု နည်းပါးခဲ့ပြီး ကွမ်းသီးများ  စျေးနှုန်းကျဆင်းခဲ့ သောကြောင့် တစ်ပိုင်တစ်နိုင် ကွမ်းသီးလုပ်ငန်း လုပ်ကိုင်နေသူများ ဝင်ငွေနည်းပါးခဲ့သည်။

ယခုနှစ်တွင် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ကျိုက်ဒုံမြို့ပေါ်၌ ရှယ်ကွမ်းသီး တစ်ပိဿာလျှင် ငွေ (၆၀၀၀) ကျပ်၊ အညိုသီး တစ်ပိဿာလျှင် ငွေ (၅၄၀၀) ကျပ်၊ ကွမ်းသီးအစိမ်း အလုံး (၁၀၀) လျှင် ငွေ (၂၅၀၀) ကျပ်အထိ စျေးနှုန်း ရရှိနေခြင်းကြောင်း တစ်ပိုင်တစ်နိုင် ကွမ်းသီးလုပ်ကိုင်နေသူများ အဆင်ပြေနေကြသည်။

ကွမ်းသီးပေါ်ချိန်၌ ဒေသနေပြည်သူများမှာ အလုပ်အကိုင် မရှားပါးတော့ဘဲ ကွမ်းသီးခုတ် လုပ်သားတစ်ဦး၏ နေ့စဉ်ပုံမှန်ဝင်ငွေမှာ တစ်ရက်လျှင် ငွေ(၆၀၀၀) ကျပ်အထိ ရရှိနေကြသည်။ အဆိုပါ ကွမ်းသီးများကို ကွမ်းသီး ရောင်းဝယ်နေသူများမှ ကြာအင်းဆိပ်ကြီး၊ မုဒုံ၊ မော်လမြိုင်၊ ကော့ကရိတ်မြို့ အထိ တင်ပို့ရောင်းချလျက် ရှိကြောင်း ကွမ်းသီးလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)