မကွေး ဒီဇင်ဘာ ၉
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ မကွေးတိုင်းဒေသကြီးအတွင်း အသစ်ခန့်ထားသော အခြေခံပညာ ဆရာ၊ ဆရာမများ ဘာသာရပ်ဆိုင်ရာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မကွေးပညာရေး ဒီဂရီကောလိပ်၊ ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ လမ်းညွှန်အမှာစကား ပြောကြားသည်။
သင်တန်းဆင်း အခမ်းအနားတွင် ဦးစွာတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းများတွင် ခန့်ထားနိုင်ရေးအတွက် သတ်မှတ် အရည်အချင်းများနှင့် ကိုက်ညီသည့် ပြင်ပဘွဲ့ရ ပုဂ္ဂိုလ်များအား သင်တန်းအောင်မြင်စွာ ပို့ချပေးနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ၂၁ ရာစု ပညာခေတ်၏ စိန်ခေါ်မူများကို ရင်ဆိုင်ဖြေရှင်း ကျော်လွှားနိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရာမှာ ဆရာ/ဆရာမများ က အဓိကဦးဆောင်မှု အခန်းကဏ္ဍမှာ သာမက နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် အနာဂတ်လှပရေးတို့အတွက် အရည်အသွေးပြည့်ဝတဲ့ ဆရာ/ဆရာမများအပေါ်မှာ မူတည်နေပါကြောင်း၊ “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့” ဟူသော ဆောင်ပုဒ်နှင့်အညီ အနာဂတ်မြန်မာနိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများကို ဗလငါးတန်နှင့် ပြည့်စုံသည့် လူသားကောင်း များ ဖြစ်ပေါ်လာစေရန် လေ့ကျင့်မွေးထုတ်ပေးနိုင်ရေး သာမက ဘက်စုံ ဟန်ချက်ညီ ဖွံ့ဖြိုးရေးအတွက် သင်ကြားပို့ချစေ လိုကြောင်း၊ ဆရာ/ဆရာမများသည် ကျောင်းသား/ ကျောင်းသူများ၏ အတုယူစရာ စံပြပုဂ္ဂိုလ်အဖြစ် ဆရာ/ဆရာမ ကျင့်ဝတ်များနှင့်အညီ တာဝန်ကျရာ ဒေသတွေမှာ အမိပညာရေးကောလိပ်မှ သင်ကြားပေးလိုက်သော သင်ကြားမှုရလဒ် ကောင်းများဖြင့် စေတနာ၊ ဝါသနာ၊ အနစ်အနာထား၍ သင်ကြားပေးစေလိုကြောင်း၊ ကျောင်းသား /ကျောင်းသူများ ကိုယ့်လူမျိုးအကျိုးနှင့် ပြည်ထောင်စုအတွက် မှန်ကန်သော စိတ်ထားများ မွေးမြူလာနိုင်ရန် အားပေးကြရန် လိုအပ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ မကွေးပညာရေးဒီဂရီကောလိပ် ဒုတိယကျောင်းအုပ်ကြီး ဒေါ်သန်းသန်းစိုးက သင်တန်းသား၊ သင်တန်းသူ များအား နှုတ်ဆက်အမှာစကား ပြောကြားပြီး အလယ်တန်းပြ ဘာသာရပ် မွမ်းမံသင်တန်းတွင် ဆုရရှိခဲ့သော ဆရာ/ဆရာမများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ကလည်းကောင်း၊ မူလတန်းပြ ဘာသာရပ် မွမ်းမံသင်တန်းတွင် ဆုရရှိခဲ့သော ဆရာ/ဆရာမများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် ကလည်းကောင်း၊ အခြေခံဆရာ/ဆရာမများ မွမ်းမံသင်တန်း ပြီးမြောက်ကြောင်း လက်မှတ်များအား ဒုတိယ ကျောင်းအုပ်ကြီး ဒေါ်သန်းသန်းစိုး ကလည်းကောင်း၊ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
အဆိုပါ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ မကွေးတိုင်းဒေသကြီးအတွင်း အသစ်ခန့်ထားသော အခြေခံပညာ ဆရာ၊ဆရာမများ ဘာသာရပ်ဆိုင်ရာ သင်တန်းကို (၈.၁၁.၂၀၂၁) ရက်နေ့မှ (၈.၁၂.၂၀၂၁)အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ထောက် အလယ်တန်းပြ ဆရာ/ဆရာမ(၃၁)ဦး၊ လက်ထောက် မူလတန်းပြ ဆရာ/ဆရာမ(၂၁၀)ဦး စုစုပေါင်း ဆရာ/ဆရာမ (၂၄၁)ဦးအား သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
မောင်ညီညာ