ကော့သောင်း ဒီဇင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် ရေးပေါ်တုံ့ပြန်ရေး ကော်မတီက ကြီးကြပ်ကာ ဌာနဆိုင်ရာအဖွဲ့စုံဖြင့် ပါးစပ်နှာခေါင်းစည်း မတပ်ဆင်သူများအား မိုဘိုင်းအသွင် သဏ္ဍန်ဖြင့် အရေးယူမှု လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့အနှံ့လှည့်လည် ကြပ်မတ်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အရေးယူဆောင်ရွက်မှုတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် ရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်ဌာနဆိုင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အလိုက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းအဖွဲ့မှ မြို့အနှံ့ အဓိကလမ်း မကြီးများ၊ လမ်းသွယ်၊လမ်းကြားများ အတွင်းအထိ ပါးစပ်နှာခေါင်းစည်းမတပ်ဆင်ဘဲ လမ်းထွက်သွားလာနေကြသူများ၊ ဈေးရောင်းဈေးဝယ် လုပ်နေသူများ စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေတပ်ရိုက်ကာ ထပ်မံကျူးလွန်ပါက သဘာဝဘေးဆိုင်ရာ ဥပဒေဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း ခံဝန်ကတိလက်မှတ်ထိုးစေခြင်းကို တင်းကြပ်စွာ ဆောင်ရွက် ကြခြင်းဖြစ် ကြောင်း သိရသည်။
ကူးစက်မှုဆက်လက်ဖြစ်ပွားနေဆဲ ကိုဗစ်-၁၉ရောဂါ အပြင် လက်ရှိကမ္ဘာ့နိုင်ငံတချို့နှင့် အိမ်နီးခြင်းနိုင်ငံ တစ်ချို့တွင် ကူးစက်မှု ဖြစ်ပွားစပြုလာနေသည့် ကိုဗစ်၁၉ရောဂါပိုး မျိုးကွဲတစ်မျိုးဖြစ်သည့် အိုမီခရွမ် ရောဂါပိုး ကော့သောင်းမြို့နယ် အတွင်း ကူးစက်ဖြစ်ပေါ်မှု မဖြစ်ပွားလာရေး ရောဂါထိန်းချုပ်ရေး လုပ်ငန်းများအား ကဏ္ဍစုံမှ လှုပ်ရှားဆောင်ရွက် လျက်ရှိရာမြို့နေပြည်သူများ လမ်းထွက်ပါက နှာခေါင်းစည်းများ တပ်ဆင်ကြရေး ဒေသန္တရအမိန့် ညွှန်ကြားချက်များ ထုတ်ပြန်ကာ ကျယ်ကျယ်ပြန့်ပြန့် အသိပေးထားပြီးဖြစ်သော်လည်း စည်းကမ်းမလိုက်နာသူ ပြည်သူတစ်ချို့ကြောင့် ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေး ယခုကဲသို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)