ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဉာဏ်ရည်ယှဉ်ပြိုင်မှုဆိုင်ရာ ပြိုင်ပွဲများကျင်းပ

ပွင့်ဖြူ      ဒီဇင်ဘာ       ၉

မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ အချိန်က ကလေးငယ်များ အတွက် ပျော်ရွှင်စရာ ဉာဏ်ရည်ယှဉ်ပြိုင်မှုဆိုင်ရာ ပြိုင်ပွဲများကို ပညာရေးဌာန၊ ပွင့်သာမြေစာအုပ်စာစောင် ချစ် မြတ်နိုးသူများ အသင်း(Book Club)၊မြို့နယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးအသင်းတို့နှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်က ကလေးငယ်များ ဉာဏ်ရည် ဉာဏ်သွေးထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှုအားကောင်းစေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင် ရင်းနှီးမှု ရရှိစေရန်၊ ပူးပေါင်း ပါဝင်ဆောင်ရွက်သည့် အလေ့အထရရှိစေရန်၊ ပျော်ရွှင်မှုရရှိစေရန်နှင့် ပြည်သူ့စာကြည့် တိုက်အား အများပြည်သူဝင်ထွက် သွားလာနိုင်သည့် နေရာ၊ ပညာဗဟုသုတ ရှာမှီးရာနေရာ တစ်ခုအဖြစ် သိရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ ဉာဏ်ရည်ယှဉ်ပြိုင်မှုဆိုင်ရာ ပြိုင်ပွဲများတွင် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊အက္ခရာစဉ် ပြိုင်ပွဲနှင့် စာဖတ်စွမ်း ရည်ပြိုင်ပွဲများပါဝင်ပြီး ကလေးငယ်(၂၆)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ရာ ဆုရရှိသူများအား တာဝန်ရှိ သူများက ဂုဏ်ပြု ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 

 ခင်ဝါဝါလှိုင် (ပြန်/ဆက်)