ပေါင်းတည် ဒီဇင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကျေးလက်နေပြည်သူများအား လက်မှုအတတ်ပညာရပ်တစ်ခု တတ်မြောက်စေရန်၊ အလုပ်အကိုင် အခွင့် အလမ်းများ ရရှိစေပြီး တပိုင်တနိုင်အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ခြင်းဖြင့် လူမှုစီးပွါးဘဝမြင့်မားလာစေရန်နှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်လျက် ပေါင်းတည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပန်းရံသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးဟန်မြင့်ထွန်းက သင်တန်းဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဦးစီးမှူးဦးယုနိုင်လင်းက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။
သင်တန်းသို့ ကျေးရွာများမှ သင်တန်းသား(၁၅)ဦး တက်ရောက်ပြီး စာတွေ့လက်တွေ့ (၁၅)ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)