လက်ပံတန်း ဒီဇင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများလွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက လက်ပံတန်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ လွှဲပြောင်းပေးအပ်ခဲ့သည်။
ရှေးဦးစွာ လက်ပံတန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးဦးသန့်ဇင်က ပန်းခင်းစီမံချက်ရည်ရွယ်ချက်နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ လိုက်နာရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်မင်းနိုင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဦးနှင့် တာဝန်ရှိသူတို့က နဘဲကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများထံသို့ နိုင်ငံသား စိစစ်ရေးကတ်ပြား ၁၅၇ ခု ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
လက်ပံတန်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄၉)အုပ်စုတွင် နိုင်ငံသား စိစစ်ရေးကတ်ပြား (၅၉၆၁)ခုဆောင်ရွက်ရမည်ဖြစ်ပြီး ယနေ့အထိ နိုင်ငံသားစိစစ်ရေး ကတ်ပြား(၃၆၁၀)ခု ပြုလုပ်ပေးပြီးဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးဦးသန့်ဇင် ထံမှသိရှိရသည်။
မြို့နယ်၊ ပြန်/ဆက်
ဝင့်နန္ဒာဌေး (လက်ပံတန်း)