မြင်းမူမြို့နယ်တွင် တောင်သူပညာပေးလုပ်ငန်းအဖြစ် ဓါတုကင်းစင်သည့် သဘာဝမြေဩဇာ ပြုလုပ်ခြင်း လက်တွေ့ပြသ

မြင်းမူ ဩဂုတ်လ ၂၁

သဘာဝစွန့်ပစ်ပစ္စည်းများကိုအသုံးပြုလျှက် စိုက်ပျိုးသီးနှံပင်အမျိုးမျိုးအတွက် အဟာရပြည့်ဝစွာ ရရှိစေသော သဘာဝမြေဩဇာ လက်တွေ့ပြုလုပ်ပြသဆောင်ရွက်ခြင်း    တောင်သူပညာပေး လုပ်ငန်းကို ယနေ့နံနက်ပိုင်းက စစ်ကိုင်း ခရိုင်၊  မြင်းမူမြို့နယ်၊  အလ္လကပ္ပကျေးရွာရှိ  တောင်သူ ပညာပေးစခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် သွင်းအားစုအဖြစ်  မြေဆီကိုဝယ် ယူအသုံးပြုမှုကို လျှော့ချပြီး သဘာဝပါတ်ဝန်းကျင်ကရရှိမည့် ကောက်ရိုး၊ သက်ရွက်ဆွေး ၊ နွားချေး စသည့်တို့ကို အသုံးပြုလျက် သဘာ ဝမြေဩဇာပြုလုပ်နည်းကို တောင်သူများကို ပြသပေးခြင်း ဖြစ်ကြောင်း၊ ပြုလုပ်ပုံအဆင့်ဆင့်အရ အရိပ်ရသည့်နေရာတွင် အလျား(၆)ပေ၊ အနံ(၄)ပေနှင့် အမြင့်(၃) ပေအထိ ရအောင် ပထမနေရာ (အောက်ခြေ) တွင် ကောက်ရိုး၊ သစ်ရွက်ဆွေး၊ စပါးခွံတို့ကို (၆) လက်မအမြင့်၊ ဒုတိယနေရာတွင်နွားချေး ကြက်ချေးတို့ရောလျက် (၂) လက်မအမြင့်ထားရှိပြီး EM ဆေးရည်ဖြန်းပေးရကြောင်း၊ ဆွေးမြေ့ချိန်တွင် အဟာရဓါတ်ပြည့်ဝသော  မြေဆွေးကို ရယူအသုံးပြုနိုင် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမြင့်သိန်းထံမှ သိရှိရသည်။

ယင်းမြေဆီကို အသုံးပြုခြင်းကြောင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိကောင်းကိုရရှိစေခြင်း၊  မြေဆီလွှာအား အကျိုးပြုမည့် ဇီဝသက်ရှိများကိုပိုမိုရှင်သန်ပွားများစေမည်ဖြစ်ကာ သီးနှံစိုက်ပျိုးရေးတွင်  မြေဆီလွှာရှင်သန်ရေးအတွက် များစွာ အထောက်အကူပြုနိုင်သည့် သဘာဝမြေဩဇာဖြစ်ကြောင်းသိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)