လေးမျက်နှာမြို့နယ် ကညင်သောင်အုပ်စု မြစ်ကျိူးကျေးရွာတွင် အခြေခံမွေးမြူရေးပညာပေးသင်တန်းဖွင့်လှစ်

လေးမျက်နှာ ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကညင်သောင်အုပ်စု မြစ်ကျိူးကျေးရွာတွင် ယနေ့နံနက် ၉နာရီခွဲ အချိန်၌ လေးမျက်နှာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ မွေးမြူရေးလုပ်ငန်းများ တွင် အသိပညာဗဟုသုတများရရှိစေရန်၊ မိရိုးဖလာမွေးမြူရေးလုပ်ငန်းမှ ခေတ်မီနည်း စနစ်တကျ မွေးမြူတတ်စေရန် ရည်ရွယ်၍ အခြေခံမွေးမြူရေးပညာပေးသင်တန်းဖွင့်လှစ်ပေး  ခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် လေးမျက်နှာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနွယ်နွယ်အောင်နှင့် ဒုတိယဦးစီးမှူးဒေါက်တာနှင်းနွယ်နီတို့မှ ခိုင်းနွားမွေးမြူရေး၊ နို့စားနွားမွေးမြူရေး၊ ဝက် မွေးမြူရေး၊ ဆိတ်မွေးမြူရေး၊ တိုင်းရင်းကြက်မွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ မွေးမြူရေးလုပ်ငန်းအောင်မြင်ရန် လိုအပ်သည့်အချက်များ၊ မွေးမြူရေးနည်းစနစ်များ၊ မွေးမြူရေးခြံ ဆောက်လုပ်ရန်လိုအပ်ချက်များနှင့် ခြံပတ်ဝန်းကျင် သန့်ရှင်းရေး၊ မျိူးကောင်းမျိူးသန့်ရွေးချယ်နည်းများကို သင်ကြားပို့ချပေးလျက်ရှိကြောင်းသိရသည်။ လေးမျက်နှာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ပထမ၃လပတ်အတွင်း သင်တန်း ၃ခု လျာထားသည့်အနက် ယခုသင်တန်းမှာ ဒုတိယအကြိမ်မြောက်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါသင်တန်းသို့ ကျေးရွာအတွင်းမှ စိတ်ပါဝင်စားသူ ၂၀ ဦး တက်ရောက်သင်ကြားကာ ဒီဇင်ဘာ ၉ ရက်နေ့မှ ဒီဇင်ဘာ ၁၀ရက်နေ့အထိ ၂ရက်ကြာဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းချိန်မှာ နံနက်၉နာရီမှ ညနေ၄နာရီအထိ ဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်း