ကမမောင်းမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ကမမောင်း  ဒီဇင်ဘာ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံမှုမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်း အချိန်မှ စတင်ပြီး မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အသိပေး နှိုးဆော်ခဲ့သည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါသည် ယခုအချိန်တွင် ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်အဖြစ် ရက်ပိုင်းအတွင်း နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့မှု ပိုမိုများပြား လာနေပြီဖြစ်သည့် အတွက် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက် ကာကွယ် တားဆီးနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၀န်ထမ်းများက မြို့ပေါ်ရပ်ကွက်များတွင် နေထိုင်ကြသည့် ပြည်သူများအား နေအိမ်ပြင်ပထွက်ခွါပါက နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်ကြရန်၊ လူအများနှင့် ထိတွေ့ဆက်ဆံပါက မျက်နှာကာ (Face shield) ကို တွဲဖက်တပ်ဆင်ရန်၊ လူစုလူဝေး ရှောင်ရှားရန်၊ လက်ကိုစက္ကန့် ၂၀ကြာ မကြာခဏ စနစ်တကျ ဆေးကြောရန်၊ အလုံပိတ် အခန်းများ၊ အဲယားကွန်းအခန်းများ၊ လေဝင်လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ရှားရန်၊ ကိုဗစ်-၁၉ရောဂါ သံသယလက္ခဏာများပေါ်ပေါက်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်း ဆက်သွယ်၍ စောစီးစွာကုသမှုခံယူရန်စသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရန်တို့ကို စကောကရင် တိုင်းရင်းသားဘာသာဖြင့် လည်းကောင်း မြန်မာဘာသာဖြင့် လည်းကောင်း လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)