ပုသိမ် ဒီဇင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နေ့လယ်က ပုသိမ်ဒီဂရီကောလိပ်၊ ပညာရတနာ ခန်းမ၌ လက်ထောက်အလယ်တန်းပြနှင့် လက်ထောက်မူလတန်းပြ အခြေခံပညာ ဆရာ၊ ဆရာမ သစ်လွင်များ မွမ်းမံသင်တန်းဆင်းပွဲသို့ တက်ရောက်ခဲ့ကြသည်။ သင်တန်းဆင်းပွဲတွင် ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး ဆရာများခံယူအပ်သော သစ္စာအဓိဋ္ဌာန်(၆)ရပ်ကို သံပြိုင်ရွတ်ဆိုကြသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အမှာစကားပြောကြားရာတွင် “ယခုကဲ့သို့ သင်တန်းဆင်းဆရာ၊ ဆရာမများအား နိုင်ငံတော်အနေဖြင့် လည်းကောင်း၊ တိုင်း ဒေသကြီးအနေဖြင့် လည်းကောင်း ဝမ်းမြောက်စွာကြိုဆိုပါကြောင်း၊ ဆရာ၊ ဆရာမအနေဖြင့် စေတနာ၊ ဝါသနာ၊ အနစ်နာတို့ဖြင့် သင်ကြားပေးကြရန်စေလိုကြောင်း၊ကျောင်းသား၊ ကျောင်းသူ များ၏ စံနမူနာပြ ဖြစ်စေရေးနှင့် ဆရာကျင့်ဝတ်နှင့် အညီပြုမူနေထိုင်ကြရန်၊ စာပေပညာများ ကိုလည်း မပြတ်လေ့လာ ဖတ်ရှု ကြစေလိုကြောင်း၊ မိမိတာဝန်ကျဒေသများတွင် ကြိုးစား လုပ်ဆောင်ပေးကြရန် တိုက်တွန်း ပါကြောင်း" စသည့်ဖြင့် အမှာစကားပြောကြားပါသည်။
ထို့နောက် ဝန်ကြီးချုပ်သည် သင်တန်းတွင် ထူးချွန်းဆုရရှိကြသည့် အလယ်တန်းနှင့် မူလတန်း ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုချီးမြှင့်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအတွက် အလှူငွေ ကျပ် (၅)သိန်းကိုပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းနိုင်က လက်ခံရယူခဲ့သည်။ ယခုသင်တန်းဆင်းပွဲတွင် အလယ်တန်းပြ(၆၆)ဦး၊ လက်ထောက်မူလတန်းပြ(၁၉၇)ဦး၊ စုစုပေါင်း(၂၆၃)ဦး ဖြစ်ပြီး ရက်သတ္တပတ်(၄)ပတ်ကြာ သင်တန်းတက်ရောက်ခဲ့ကြသည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက်(၈)နာရီက ဘိုကလေးမြို့၊ ပညာရေးဒီဂရီကောလိပ်နှင့် နံနက် (၁၁)နာရီတွင် မြောင်းမြမြို့ပညာရေးဒီဂရီကောလိပ်တို့လည်း အလယ်တန်းပြနှင့် လက်ထောက် မူလတန်း ပြ အခြေခံပညာဆရာ၊ ဆရာမသစ်လွင်များ မွမ်းမံသင်တန်းဆင်းပွဲသို့ တက်ရောက်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ အတွက် အလှူငွေကျပ်(၅)သိန်းစီအား ထောက်ပံ့ပေးအပ်ခဲ့သည်။
ယနေ့သင်တန်းဆင်းပွဲများတွင် ပုသိမ်မြို့ပညာရေးဒီဂရီကောလိပ်မှ (၂၆၃)ဦး၊ ဘိုကလေးမြို့၊ ပညာရေး ဒီဂရီကောလိပ်မှ(၂၃၅)ဦးနှင့် မြောင်းမြမြို့ပညာရေးဒီဂရီကောလိပ်မှ(၂၀၁)ဦးဖြစ်ကြောင်း သိရသည်။
ကိုတွတ်ပြန်/ဆက်