ထားဝယ် ဒီဇင်ဘာ ၈
အခြေခံပညာဆရာ၊ ဆရာမသစ်လွင်များ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တက္ခပညာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက ယနေ့အခမ်းအနားသည် တနင်္သာရီတိုင်းဒေသကြီး အတွက် အလွန်မင်္ဂလာရှိသော အခမ်းအနားတစ်ခုဆိုရမှာ ဖြစ်ကြောင်း၊ ဆရာ/မများအနေဖြင့် နောင်တက်လာမည့် လူငယ်/ လူရွယ်များကိုတိုင်းဒေသကြီးအတွက်ကောင်းအောင်၊ ဖွံ့ဖြိုးတိုးတက်အောင်၊ အကျိုးဆောင်ရွက်ပေးရန်၊ ပြုစုပျိုးထောင်ပေး ရမည့်ဆရာ/မများဖြစ်ကြောင်း၊ သင်တန်းဆင်းဆရာ/မများသည် မိမိတာဝန်ကျရာနေရာများတွင် ကလေးသူငယ်များကို ဆရာကောင်း၊ သမားကောင်းများဖြစ်အောင် အသိပညာ၊ အတတ်ပညာ၊ လိမ္မာယဉ်ကျေးမှုအပါအဝင် ကလေးသူငယ်များ၏ ဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရမည့် ပန်းပုပညာရှင်များဖြစ်ကြောင်း၊ ဆရာ/မများ အနေဖြင့် ကျောင်းတော်ကြီး က သင်ကြားပေးလိုက်သော ပညာရပ်များကို အခြေခံပညာကျောင်းများတွင် တိုင်းဒေသကြီးအကျိုးအတွက် ဆရာဆိုသည့် ဂုဏ်ဖြင့် ကျရာမြို့နယ်များတွင် တာဝန်ထမ်းဆောင်ရမှာဖြစ်ကြောင်း၊ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်း က ဆို သည့်ဆောင်ပုဒ်နှင့် အညီ တစ်မျိုးသားလုံး စည်းကမ်းတကျရှိစေရန်၊ တစ်မျိုးသားလုံး အကျင့်စာရိတ္တကောင်းများ ပေါ်ထွန်းလာစေရန်အတွက် လက်ဦးဆရာ/မများ၏ သင်ကြားမှုသည်အရေးကြီးပါကြောင်း၊“ ဆရာကောင်းတပည့်ပန်းကောင်းပန် ”ဆိုသလို ပန်းကောင်း ကလေးများ ပေါ်ထွန်းလာစေရေးအတွက် သင်တန်းကသင်ကြားပို့ချပေးလိုက်သော နည်းပညာများ၊ နည်းစနစ်များကို အတတ်နိုင် ဆုံး ပြန်လည်အသုံးချရန်လိုကြောင်း၊ ဆရာ/မများအနေဖြင့်ကလေးသူငယ်များကိုကျောင်းသင် ဘာသာ ရပ်များသင်ကြားပေးခြင်း အပြင် ကလေးများပညာရေးဖွံ့ဖြိုးတိုးတက်ရန်၊ လိမ္မာယဉ်ကျေးပြီး စာရိတ္တကောင်းမွန်ရန်၊ ဘေးကင်းလုံခြုံစွာနေတတရန်၊ မူးယစ် ဆေးဝါးဖြင့် လမ်းမှားမရောက်ရန်၊ နည်းပညာသစ်များ၏ အကောင်း၊ အဆိုး၊ အကျိုးပြစ်တို့ကို သိရှိအောင်လေ့ကျင့် သင်ကြားပေးခြင်းဖြင့် နိုင်ငံတော်အတွက် အားထားရသော ဆရာကောင်း ဆရာမွန်များ ဖြစ်အောင်ကြိုးစားကြရန်လိုကြောင်း ပြောကြားသည်။
ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက သင်တန်းဆင်းဆရာ/မ မူလတန်းပြ (၁၂၇) ဦး နှင့် အလယ်တန်းပြ(၈)ဦး ကိုယ်စားဆရာ/မ(၂)ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသော ဆရာ/မများအား ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)