ပွင့်ဖြူမြို့နယ်တွင် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်၊ (၆)လဘတ်ဂျတ်ခွင့်ပြု ရန်ပုံငွေဖြင့် ကျေးရွာ(၆)ရွာအား ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်း(၆)ခု စတင်အကောင်အထည်ဖော် ဆောင်ရွက်

ပွင့်ဖြူ ဒီဇင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊  မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်၊ (၆)လဘတ်ဂျတ်ခွင့်ပြု ရန်ပုံငွေဖြင့် ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယခုလဆန်းပိုင်းက စတင်ပြီး ကျေးရွာ(၆)ရွာတွင်  ကျေရွာဖွံ့ဖြိုးရေးလုပ်ငန်း(၆)ခုကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း အဆိုပါ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရသည်။

အဆိုပါ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းကို ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာ၊ လက်ခုပ်ကျေးရွာ၊ သမော်အင်းကျေးရွာ၊ လက်ပနွယ် ကျေးရွာ၊ ဥယျာဉ်ကျစ်ကျေးရွာနှင့်  ကုလားကုန်း ကျေးရွာတို့တွင် ကျေးလက်နေ ပြည်သူများ ရာသီမရွေး သွားလာရေး အဆင်ပြေစေရန်အတွက် ကျေးရွာတွင်း မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်း(၄)ခု ကျေးရွားတွင်း ကွန်းကရစ်လမ်းခင်းခြင်း လုပ်ငန်း(၂)ခု၊ စုစုပေါင်း လုပ်ငန်း (၆)ခု အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိ‌ကြောင်း သိရသည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအား ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ဦးဆောင်သော တာဝန်ခံ အင်ဂျင်နီယာနှင့် ဝန်ထမ်းများအဖွဲ့က သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစေရေး အနီးကပ် ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရကာ အဆိုပါလုပ်ငန်းများအား နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ်(၆၀)သန်း၊ ပြည်သူမှ ထည့်ဝင်ငွေ(၁၁.၆၇၄)သန်း စုစုပေါင်း(၇၁.၆၇၄)သန်းနှင့် ပြည်သူ့ လုပ်အားများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ(၁၇၄၀)အိမ်မှ လူဦးရ(၇၄၅၉)အား အကျိုးပြုပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ကို ၂၀၁၆-၂၀၁၇ခု ဘဏာရေးနှစ်မှ စတင်၍ နှစ်အလိုက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၁-၂၀၂၂ခု ဘဏာရေးနှစ် (၆)လဘတ်ဂျက်အထိ  ကျေးရွာပေါင်း(၇၉)ရွာအား အကောင်အထည်ဖော် ဆောင်ရွက်‌ ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း အဆိုပါမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)