မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးထားသည့် အချိန်စေ့နှင့်အချိန်စေ့လွန် ကြွေးကျန်များ ပြန်လည်ပေးဆပ်ရေး ဆွေးနွေး

ကျောင်းကုန်း   ဒီဇင်ဘာ   ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ထုတ်ချေးထားသည့် ဘဏ်ချေးငွေများအနက် အချိန်စေ့နှင့်အချိန်စေ့လွန် ကြွေးကျန်များ ပြန်လည်ပေးဆပ်ရေး ညှိနှိုင်းဆွေးနွေးပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အေးချမ်းသာယာ ခန်းမ၌ ယနေ့ နံနက်  ၉ နာရီ ၃၀ မိနစ် အချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးတင်မောင်က ကျောင်းကုန်းမြို့နယ်မှာ အချိန်စေ့နှင့် အချိန်စေ့လွန် ကြွေးကျန်များဟာ နိုင်ငံတော်ရဲ့ငွေများ ဖြစ်နေတဲ့အတွက် ကြေအောင် ပြန်လည်ပေးဆပ်ကြဖို့လိုကြောင်း ပြောကြားပြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးမျိုးတင့်က ယခုဒီဇင်ဘာလမကုန်မီ ဆောင်းသီးနှံအကြွေး ကြေအောင်ဆပ်မည်ဆိုလျှင် ထပ်မံချေးပေးမည်ဖြစ်ပြီး၊ မဆပ်နိုင်က မိုးသီးနှံရော၊ ကိုဗစ်-၁၉ ကာလ ဖြေလျော့မှုရော ၊ ဆောင်းသီးနှံအကြွေးအားလုံးကြေအောင်ဆပ်မှ ထပ်မံထုတ်ချေးပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြော ကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဇီးငူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအုန်းလွင်က ယနေ့ကောက်ရိတ်စက်နဲ့ရိတ်ကြတဲ့အတွက် အဲဒီစပါးကအပေါ်ကို မတင်နိုင်သေးဘူး၊ ကန်သင်းဘောင်မှာ ပုံထားရတယ်၊ ရောင်းတန်းကိုမရောက်သေးလို့ အခိုက်အတန့်အားဖြင့် အခက်အခဲ လေးတွေရှိပါတယ်၊ နှစ်စဉ်နှစ်တိုင်း ကျွန်တော့ကျေးရွာက အကြွေးဆပ်နိုင်မှုဟာ နံပါတ်(၅)နေရာမှာ တည်ရှိနေပါတယ်ဟု ပြောကြားပြီး၊ ကြွေးကျန်နေသေးသော အုပ်ချုပ်ရေးမှူးများ၊ ဘဏ်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများကလည်း မိမိတို့ကျေးရွာ အကြွေးကိစ္စများ အတတ်နိုင်ဆုံး ကြေအောင်ဆပ်နိုင်ဖို့ ကြိုးစားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

ကျောင်းကုန်းမြို့နယ်အတွင်း ၂၀၁၃ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ရပ်ကွက်(၃)ခုနှင့် ကျေးရွာ အုပ်စု(၆၅)အုပ်စုတို့မှ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၃၀)ရက်နေ့အထိ အချိန်စေ့နှင့်အချိန်စေ့လွန် ကြွေးကျန်မှာ သိန်းပေါင်းတစ်သိန်းခြောက်သောင်းကျော် ကျန်ရှိနေသေးတဲ့အတွက် ကြွေးကျန် များအမြန်ဆုံးပေးဆပ်နိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)