ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာရုံး များအား လိုက်လံစစ်ဆေး

ကော့ကရိတ်   ဒီဇင်ဘာ        ၈

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံး များ မီးဘေးလုံခြုံမှုရှိစေရန်နှင့်  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခရိုင်မီးသတ် ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၁၀ နာရီက ကော့ကရိတ်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ လိုက်လံစစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်သန်းဝင်း ဦးဆောင်သော  မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မိမိတို့ရုံးများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး ရေပုံးများကို စီစဉ်ဆောင်ရွက်ထားရှိရန်၊ မီးဘေးနှင့် ပတ်သက်သည့် အသိပညာပေး ဆောင်ပုဒ် များကို လူများထင်သာမြင်သာနေရာများတွင် ထားရှိရန်၊ လျှပ်စစ်မီးအသုံးပြုရာ၌ မီးဘေးလုံခြုံရေး အတွက် အလေးထားလိုက်နာဆောင်ရွက်ကြရန်၊ မီးဘေးအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာ ပေးခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ ရှောင်ရန်နှင့်  မီးဘေး အန္တရာယ်ကြုံတွေ့ပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ ဆောင်ရွက်သွား ရန်တို့ကို ရုံးတာဝန်ခံများအား ဆွေးနွေးမှာကြားခဲ့ပြီး၊ ရုံးအတွင်း မီးဘေးလုံခြုံစိတ်ချရမှု ရှိ/ မရှိ လိုက်လံကြည့်ရှု စစ်ဆေးခြင်းနှင့် မီးသတ်ဆေးဗူးအသုံးပြုမှုများကို လက်တွေ့သရုပ်ပြသခဲ့သည်။

ကျွန်တော်တို့ မီးသတ်ဦးစီးဌာနအနေက အခြေအနေပေါ် မူတည်ပြီးတော့ စက်သုံးဆီ အရောင်းဆိုင်များနဲ့ ရပ်ကွက်/ ကျေးရွာတွေကိုလည်း လိုက်လံစစ်ဆေးသွားဖို့ရှိပါတယ်။ ယခု အချိန်မှာတော့ ညဆိုရင် မီးသတ်ကားတွေနဲ့ ကော့ကရိတ်မြို့ပေါ်ရပ်ကွက်များသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ဆောင်ရွက်လျက်ရှိပါတယ်ဟု ခရိုင်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်သန်းဝင်းက ပြောကြားသည်။

စောအောင်မျိုးလွင် (ပြန်/ဆက်)