အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ)၌ အသက်မွေးပညာရပ်များ ကာလတိုသင်တန်း (၂/၂၀၂၁) ဖွင့်လှစ်

ဘားအံ ဒီဇင်ဘာ ၈

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရ နည်းပညာ အထက်တန်းကျောင်း(ဘားအံ)တွင် အသက်မွေးပညာရပ်များ ကာလတိုသင်တန်း အပတ်စဉ်(၂/၂၀၂၁) ဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သင်တန်း ဖွင့်အမှာစကားပြောကြားခဲ့ပြီး အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)၏ ကျောင်းအုပ် ဆရာမကြီး ဒေါ်နန်းမိုးမိုးကြည်က အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကာလတိုသင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)တွင် ဖွင့်လှစ်သည့် အသက်မွေးပညာရပ်များ ကာလတိုသင်တန်း အပတ်စဉ်(၂/၂၀၂၁)အနေဖြင့် အခြေခံကွန်ပျူတာသင်တန်း၊ အမျိုးသား ဆံပင်ညှပ်သင်တန်း၊ အခြေခံ စက်ချုပ်သင်တန်း၊ ရေမလိုလက်သန့်ဆေးရည်၊ ခေါင်းလျှော်ရည်နှင့် ဆပ်ပြာရည်ပြုလုပ်နည်းသင်တန်းတို့ကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၇၇)ဦး တက်ရောက်လျက်ရှိကာ သင်တန်းကာလမှာ ဒီဇင်ဘာလ ၇ ရက်နေ့မှ ၃၀ ရက်နေ့ထိ ကြာမြင့်မည်ဖြစ်ပြီး  ဒေသတွင်းလူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နည်းပညာနှင့်သက်မွေးပညာရပ်များ သင်ယူနိုင်မှုအခွင့်အလမ်းများ ရရှိနိုင်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိလာစေပြီး တစ်ဦးချင်းဝင်ငွေ ပိုမိုမြင့်မားလာစေရန် အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ ကာလတိုသင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းများဖွင့်ပွဲအပြီးတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သင်တန်းခန်းမများအတွင်း အသက်မွေးဝမ်းကျောင်းပညာရပ်များအား ကျွမ်းကျင် သင်တန်းနည်းပြများက စာတွေ့ လက်တွေ့ သင်ကြားပို့ချနေမှုများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)