ချောင်းသာမြို့ ကမ်းခြေသာယာလှပရေးနှင့် ခရီးသွားပြည်သူများ လုံခြုံစိတ်ချမှုရှိစေရန်အတွက် လှည့်လည်ကြီးကြပ်ဆောင်ရွက်

ချောင်းသာ    ဒီဇင်ဘာလ   ၈

ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ကမ်းခြေသာယာလှပစေရန်၊ စျေးသည်များ စနစ်တကျ ရောင်းချမှု ရှိစေရန်နှင့် စွန့်ပစ်အမှိုက်များကို စနစ်တကျ စွန့်ပစ်ရန်အတွက် မြို့အုပ်ချုပ်ရေးမှူး  ဦးဆောင်၍ ယမန်နေ့ နံနက် ၉ နာရီက ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်နှင့်  မြို့စည်ပင်မှ တာဝန်ရှိသူများ၊ ဟိုတယ်ခရီး၊  ပြန်/ဆက်၊ နယ်မြေခံ တပ်/ရဲများ၊ မီးသတ်ဝန်ထမ်းများက ကမ်းခြေရှိ စျေးရောင်း နေကြသော စျေးသည်များ စျေးဆိုင်နေရာများကို စနစ်တကျ ခင်းကျင်းရောင်းချရန်၊ ကမ်းခြေသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ နားနေရေကစားနိုင် ရန်၊ ကမ်းခြေစျေးသည်များမှ စွန့်ပစ်သည့် အမှိုက်များအား စနစ်တကျ စွန့်ပစ်ရန်တို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က သန့်ရှင်းသာယာလှပသော ကမ်းခြေဖြစ်စေရန်အတွက် ရည်ရွယ်၍ ကမ်းခြေသို့ လှည့်လည် ကြီးကြပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇော်လင်းမောင်

ချောင်းသာ (ပြန်/ဆက်)