အရာတော် ဩဂုတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့၊ အမှတ်(၃)နယ်မြေရှိ မြိုင်သီတာ ဆေးဆိုင်နှင့် ဆေးခန်း တွင် ယနေ့ နံနက် (၈)နာရီမှစတင်ကာ အသက်(၇၅)နှစ်နှင့်အထက် ဘိုးဘွားများအား (အခမဲ့) ကျန်းမာရေး စောင့်ရှောက် မှုကို (ပဉ္စမအကြိမ်) အဖြစ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းသို့အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန် အတွင်း အသက်(၇၅)နှစ်နှင့်အထက် ဘိုးဘွားများ၏ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေရန် အရာတော် မြို့နယ်၊ ကျန်းမာရေးဦးစီးဌာန လက်ထောက်ဆရာဝန် ဒေါက်တာအောင်သူရိန်ဦးနှင့် သူနာပြုဆရာမ ဒေါ်ဝင်းမြတ်သူတို့က တစ်လတစ်ကြိမ် နံနက် ၈နာရီမှ ၁၁ နာရီအထိ အချိန်ပိုင်းနှင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(အခမဲ့) ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေးရာတွင် အရာတော်မြို့ပေါ်ရပ်ကွက် ၃ ရပ်ကွက်နှင့် ဝါးရောင်းကျေးရွာ၊ မနောမယကျေးရွာရှိ သက်ကြီးဘိုးဘွားများ ကြိုတင်သိရှိ နိုင်စေရန်အသံချဲ့စက်ဖြင့် တစ်ရက်ကြိုတင် ကြေညာပေးခဲ့ပြီး ယခုအချိန်တွင် (၅) ကြိမ်မြောက် ဆောင်ရွက်ပေးခြင်းဖြစ်ကာ လစဉ် လူနာ(၆၀)မှ (၇၀)ဦးအထိ လာရောက် ကုသမှုခံယူ လျက်ရှိပြီး၊ ဘိုးဘွားများအား ယခုထက် ပိုမိုကျယ်ပြန့်စွာ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဆေးဝါးအလှူရှင် မြိုင်သီတာဆေးဆိုင် နှင့် ဆေးခန်းမှ ဦးဆွေထွန်း၏ ပြောကြားချက်အရ သိရသည်။
သူရ(ပြန်/ဆက်)