မကွေးတိုင်းဒေသကြီးဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ပွဲမင်္ဂလာကျင်းပ

ပခုက္ကူ ဒီဇင်ဘာ ၈

မကွေးတိုင်းဒေသကြီးဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ပွဲမင်္ဂလာ အခမ်းအနားကို ဒီဇင်ဘာလ ၈ရက် နံနက် ၈နာရီအချိန်က  ပခုက္ကူမြို့၊ ပါရမီဓမ္မရိပ်သာ ကျောင်းတိုက်၌ ကျင်းပသည်။

ပထမဦးစွာ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များနှင့်ဧည့်သည်တော်များက “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားရှိးခိုးကန်တော့၍ အခမ်းအနားဖွင့်လှစ်ကြပြီး မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့၊ အဖွဲ့ဝင် ဆရာတော် မဟာဝိဇယာရာမပါဠိတက္ကသိုလ်(အရှေ့)တိုက်ကြီး၏ တိုက်အုပ်ဆရာတော် နာယကဂဏဝါစက စာချဆရာတော် ဘဒ္ဒန္တဇောတိကမှ အဖွင့်ဩဝါဒကထာ မိန့်ကြားတော်မူသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိလောကရာမ ပါရမီရိပ်သာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဝံသက တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း သာသနာတော်ထွန်းကား ပြန့်ပွားရေးလှုပ်ရှား ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်သည့် လုပ်ငန်းအတွေ့အကြုံများအား ရှင်းလင်းမိန့်ကြားခြင်းကိုလည်း ကောင်း၊ မကွေးတိုင်းဒေသကြီး သာသနာရေးမှူး ဦးသန်းစိုးက ဘုန်းတော်ကြီးသင်ပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အကျိုးတော်ဆောင် ဆရာတော်ရွေးချယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားခြင်း ကိုလည်းကောင်း၊ ဆန္ဒပေးပိုင်ခွင့်ရှိသောဆရာတော်များက  မကွေးမြို့၊ ဆားတိုင်ကန်ကျောက်တိုက်ဆရာတော်ဘဒ္ဒန္တရာဇိန္ဒအား မကွေးတိုင်း ဒေသကြီး ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌအဖြစ် အဆိုပြုထောက်ခံရွေးချယ်တော်မူကြခြင်း ကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီးပညာရေးမှူးက ဘုန်းတော်ကြီးကျောင်းများ၏ ပညာရေးဆိုင်ရာကိစ္စရပ်များ လျှောက် ထားခြင်းကို လည်းကောင်း အသီးသီးဆောင်ရွက်ကြရာ မကွေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ အဖွဲ့ဝင်ဆရာတော် သီဟိုဠ်ရှင် ဘုရားကြီးကျောင်းတိုက်၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တသောဘိတက နိဂုံးချုပ်ဩဝါ ဒစကထာမိန့်ကြား တော်မူသည်။

ထို့နောက် ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မကွေးမြို့၊ ဆားတိုင်ကန်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တရာဇိန္ဒက ဩဝါဒကထာမိန့်ကြားတော်မူပြီး တက်ရောက်တော် မူလာကြ သည့် ဆရာတော်၊သံဃာတော်အရှင် သူမြတ်တို့အား သုဓမ္မသိင်္ဂီ၊  သီရိသုဓမ္မသိင်္ဂီ ဒေါ်တင်အုန်း၊ သုဓမ္မသိင်္ဂီ ဒေါ်ဝါဝါကျော်နှင့် အလှူရှင်များက နဝကမ္မအလှူတော်ငွေ များဆက်ကပ်လှူဒါန်းခြင်း၊ ပြုသမျှကုသိုလ်တော်များအတွက် စုပေါင်းအမျှအတန်းပေးဝေခြင်းများ ပြုလုပ်ကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားရုပ်သိမ်းကြကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ အဖွဲ့ဝင်ဆရာတော်(၂)ပါးအပါအဝင် ပခုက္ကူ၊ အောင်လံ၊မကွေး၊ မင်းဘူး၊ နတ်မောက်၊ သရက်၊ စလင်း၊ ပွင့်ဖြူ၊ ဆင်ပေါက်ဝဲ၊မြို့သစ်၊ ရေနံချောင်း၊ မင်းလှ၊ ချောက်၊ ရေစကြို၊ တောင်တွင်းကြီး၊ မြိုင်၊ပေါက်နှင့်ငဖဲစသည့် မြို့နယ်(၁၈)မြို့နယ်မှ တစ်မြို့နယ်လျှင် မြို့နယ်ဘုန်းတော်ကြီးသင်ပညာသင်ကြား မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အကျိုးတော်ဆောင်ဆရာတော်(၂)ပါးစီဖြင့် စုစုပေါင်းဆရာတော်၊သံဃာတော်(၄၀)ပါး တက်ရောက် ကြကြောင်းသိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)