မိုးညိုမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်သည့်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲပြုလုပ်

မိုးညို  သြဂုတ် ၂၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မိုးညိုမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ COVID-19 စီးပွားရေးကုစားမှု အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ် လုပ်ငန်းဆောင်ရွက်သည့် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင် ယမန်နေ့နံနက်(၁၀) နာရီကပြုလုပ်ခဲ့သည်။

ထောက်ပံ့ငွေပေးအပ်ပွဲတွင် မိုးညိုမြို့နယ်တိုင်းဒေသကြီး (၁)လွှတ်တော်ကိုယ်စားလှယ် ဦးအေးဝင်း၊ တိုင်းဒေသကြီး (၂)လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းကိုနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော် တို့က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သီတာဦး က CERP မျိုးစေ့ ထုတ်လုပ်ရခြင်း ရည်ရွယ်ချက်များ၊ လက်ရှိမြို့နယ်တွင် ကျေးရွာအုပ်စု များအတွင်း ဆောင်ရွက်ထားမှု အခြေအနေများနှင့် ထောက်ပံ့ငွေပေးအပ်သွားမည့် အစီအစဉ်များအား ရှင်းလင်း ပြောကြား ကာ တောင်သူ များအားထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

မိုးညိုမြို့နယ်အနေဖြင့် မျိုးစေ့ထုတ်စိုက်ဧက(၁၁၀၀) ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မျိုးစေ့ထုတ်စိုက် ဧကများကို မိုးကြိုနှမ်းစိုက်ပျိုး ပြီး ဧကများတွင်ဆက်လက် စိုက်ပျိုးလျက်ရှိကြောင်း၊ ယခုလက်ရှိကျေးရွာ အုပ်စု(၆)အုပ်စု၊ စိုက်ဧက(၉၀)၊ တောင်သူ(၃၅)ဦး အတွက် တစ်ဧကလျှင်အထွက် ကောင်းမျိုးစေ့ဘိုး (၈၅၀၀)ကျပ်၊ စိုက်ပျိုးစရိတ်(၇၅၀၀၀)ကျပ်၊ စုစုပေါင်း (၈၃၅၀၀)ကျပ်တို့အား ပထမ အကြိမ် ထောက်ပံ့ပြီးစီးခဲ့ပြီး စိုက်ပျိုးပြီးဧကများအား ဆက်လက်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ကိုမင်း(မိုးညို)