ရွှေကူ သြဂုတ်လ ၂၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့တွင် ဧရာဝတီမြစ်ရေ ဒုတိယအကြိမ် မြင့်တက်လာမှုကြောင့် ဧရာဝတီမြစ်ကမ်းဘေးရှိ တောပုန်းကျေးရွာအုပ်စု၊ ရေပျံလေးရပ်နှင့် မြို့ပေါ်ရပ်ကွက် မြေနိမ့်ပိုင်း လူနေအိမ်များတွင် သြဂုတ်လ ၁၇ ရက် နံနက်ပိုင်းမှစ၍ ဧရာဝတီမြစ်ရေများ ဝင်ရောက်လာသဖြင့် ပြောင်းရွှေ့နေရာချထားခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ယနေ့အထိ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ယင်းသို့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရွှေကူမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်သန်းနှင့် တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်တစ်စီးဖြင့် ဧရာဝတီမြစ်ရေများ ဝင်ရောက်သော အိမ်ထောင်များစုအား ရေဘေးလွတ်ရာသို့ ပစ္စည်းများ ထုတ်ပိုးသယ်ယူပို့ဆောင်ခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ရွှေကူမြို့နယ်တွင် သြဂုတ်လ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရေဘေးကျရောက်၍ ပြောင်းရွှေ့ပေးခဲ့ရသော အိမ်ထောင်စုပေါင်း ၂၇ စုရှိပြီး အဆိုပါရေဘေးကျရောက်သော အိမ်ထောင်စုများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းနှင့် တာဝန်ရှိသူများက သူဌေးတောရ ဘုန်းတော်ကြီးကျောင်း၊ အောင်တော်မူဘုရားနှင့် မြဝတီဘုန်းတော်ကြီး ကျောင်းတိုက်တို့တွင် ပြောင်းရွှေ့နေရာ ချထားခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)