သရက်မြို့၌ ကော်ဖီနှင့် မှိုမျိုးစုံ မွေးမြူစိုက်ပျိုးထုတ်လုပ်နည်း သင်တန်းဆင်းပွဲ ကျင်းပ

သရက် ဩဂုတ် ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ဩဂုတ်(၂၀) ရက်၊ မွန်းလွဲ (၁)နာရီက ကော်ဖီနှင့် မှိုမျိုးစုံ မွေးမြူစိုက်ပျိုးထုတ်လုပ်နည်းသင်တန်းဆင်းပွဲကျင်းပခဲ့ရာ ဌာနဆိုင်ရာ အကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ သင်တန်းသား၊ သင်တန်း သူများနှင့် တက်ရောက်ခဲ့ကြသည်။          
 

အခမ်းအနားတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်မာအေးက သင်တန်းဆင်း အမှာ စကား ပြောကြား ရာတွင် သင်တန်းသားများအနေ့နဲ့ မိမိတို့ဒေသကိုရောက်ရှိတဲ့အခါ အခြားသူများ ကို ထပ်ဆင့်သင်တန်းများပို့ချပေးရန်နှင့် သင်တန်းမှသင်ကြားခဲ့သည့် ကော်ဖီနှင့် မှိုမျိုးစုံမွေးမြူစိုက်ပျိုးထုတ်လုပ်နည်းပညာများအား  မိမိရပ်ရွာအတွက် အကျိုးရှိရှိ အသုံးချသွားကြရန် ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် ကော်ဖီနှင့် မှိုမျိုးစုံ မွေးမြူစိုက်ပျိုးထုတ်လုပ်နည်း သင်တန်းအား ဩဂုတ်လ(၁၇) ရက်နေ့မှစတင်၍ သင်တန်းသား(၃၅)ဦးကို (၃)ရက်ကြာ စာတွေ့၊ လက်တွေ့သင်ကြားပေး ခဲ့ခြင်း ဖြစ်သည်။ သင်တန်း၌ ဆန်းစစ်ချက် များပြုလုပ်၍ စာတွေ့လက်တွေ့တွင် အမှတ်အများဆုံး ရရှိသော သရက်မြို့နယ်မှ ဒုတိယဦးစီးမှူး ဒေါ်သီတာသိမ့်နှင့် မင်းလှမြို့နယ်မှ ဒုတိယဦးစီးမှူး ဦးညီညီနိုင် တို့အား ဆုများချီးမြှင့်ပေးခဲ့သည်။ ယင်းနောက် သင်တန်းသားများကိုယ်စား ဦးညီညီနိုင်က ကျေးဇူး တင်စကား ပြောကြားပြီး အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)