ဘိုကလေး ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် နိုဝင်ဘာ(၈)ရက်နေ့မှ စတင်၍ ယခုစာ သင်နှစ်အတွက် အသစ်ခန့်အပ်ထားသည့် အခြေခံ ဆရာ/ဆရာမ သစ်လွင်များအား သင်တန်းကာလတစ်လဖြင့် မွမ်းမံသင်တန်းဖွင့်လှစ်ခဲ့ရာ ယနေ့ နံနက်(၈)နာရီ၌ သင်တန်းဆင်းပွဲ ကျင်းပခဲ့ပြီး အဆိုပါ သင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ သင်တန်းအား သင်တန်းသား၊ သင်တန်းသူ(၂၃၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲ တွင် သင်တန်းသား၊ သင်တန်းသူများမှ ကျောင်းသီချင်းသီဆိုခြင်း၊ ဆရာ/မများ ခံယူအပ်သော သစ္စာဓိဌာန်(၆)ရပ် ရွတ်ဆိုခြင်းတို့ဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ကြောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယခုသင်တန်းတက်ရောက်ခဲ့ကြသူများသည် အနာဂတ်သားကောင်းရတနာ များအား မွေးထုတ်ပေးကြမည့် ဆရာ/မ များ ဖြစ်ကြောင်း၊ စေတနာ၊ဝါသနာ၊ ဂရုဏာတို့ကို အခြေခံ၍ ကျောင်းသား/သူများအတွက် စံပြနမူနာ ဖြစ်အောင် ကျင့်ကြံပြုမူနေထိုင်ရမည် ဖြစ်ကြောင်းနှင့် ကျောင်းသား/သူများအပေါ် စာသင်ကြားရင်း မိမိတို့ကိုယ်တိုင်ကလည်း အသိပညာ၊ အတတ်ပညာများကို အစဉ်အမြဲလေ့လာ၍ ထာဝရကျောင်းသားကြီးများအဖြစ် ခံယူနေထိုင်ရမည်ဖြစ်ကြောင်း ဩဝါဒစကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပညာရေးဒီဂရီကောလိပ်အတွက် ထောက်ပံ့ငွေ(၅)သိန်း ပေးအပ်ရာ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ပြီး သင်တန်းတွင် ထူးချွန်ခဲ့သည့် သင်တန်းသား/သူ (၆)ဦးအား တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ဆုချီးမြှင့် ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘိုကလေးမြို့နယ်၊ အမှတ်(၁၀) ရပ်ကွက် ဦးလှသိန်းလမ်းရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ သွားရောက်ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ သင်တန်းကျောင်းအတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်း ပေးအပ်ခဲ့ရာ သင်တန်းကျောင်း၏ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)