မကွေး ဒီဇင်ဘာ ၈
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ မကွေးတိုင်းဒေသကြီးအတွင်း အသစ်ခန့်ထားသော အခြေခံပညာ ဆရာ၊ ဆရာမများ ဘာသာရပ်ဆိုင်ရာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မကွေးပညာရေး ဒီဂရီကောလိပ်၊ ပညာ့ဗိမာန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းဆင်းပွဲ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က သင်တန်းဆင်း ဩဝါဒစကား ပြောကြားရာတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းများတွင် ခန့်ထားနိုင်ရေးအတွက် သတ်မှတ် အရည်အချင်းများနှင့် ကိုက်ညီသည့် ပြင်ပဘွဲ့ရ ပုဂ္ဂိုလ်များအား သင်တန်းအောင်မြင်စွာ ပို့ချပေးနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ၂၁ ရာစု ပညာခေတ်၏ စိန်ခေါ်မူများကို ရင်ဆိုင်ဖြေရှင်း ကျော်လွှားနိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရာတွင် ဆရာ/ဆရာမများ သည့် အဓိကဦးဆောင်မှု အခန်းကဏ္ဍတွင်သာမက နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် အနာဂတ် လှပရေးတို့အတွက် အရည်အသွေးပြည့်ဝသည့် ဆရာ/ဆရာမများအပေါ် တွင်မူတည် နေပါကြောင်း၊“ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” ဟူသော ဆောင်ပုဒ်နှင့်အညီ အနာဂတ်မြန်မာနိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်သည့် မျိုးဆက်သစ် ကျောင်းသား/သူများကို ဗလငါးတန်နှင့် ပြည့်စုံသည့် လူသားကောင်းများ ဖြစ်ပေါ်လာစေရန် လေ့ကျင့်မွေးထုတ်ပေးနိုင်ရေးသာမက ဘက်စုံဟန်ချက်ညီ ဖွံ့ဖြိုးရေးအတွက် သင်ကြားပို့ချ စေလိုကြောင်း၊ ဆရာ/ဆရာမများသည် ကျောင်းသား/သူများ၏ အတုယူစရာ စံပြပုဂ္ဂိုလ်အဖြစ် ဆရာ/ဆရာမ ကျင့်ဝတ်များနှင့်အညီ တာဝန်ကျရာဒေသတွင် အမိပညာရေးကောလိပ်မှ သင်ကြားပေးလိုက်သော သင်ကြားမှု ရလဒ်ကောင်းများဖြင့် စေတနာ၊ ဝါသနာ၊ အနစ်အနာထား၍ သင်ကြားပေးစေလိုကြောင်း နှင့် ကျောင်းသား/သူများ ကိုယ့်လူမျိုးအကျိုးနှင့် ပြည်ထောင်စုအတွက် မှန်ကန်သော စိတ်ထားများ မွေးမြူလာနိုင်ရန် အားပေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မကွေးပညာရေး ဒီဂရီကောလိပ် ဒုတိယကျောင်းအုပ်ကြီး ဒေါ်သန်းသန်းစိုးက သင်တန်းသား/သူများအား နှုတ်ဆက်အမှာစကား ပြောကြားခဲ့ပြီးနောက် အလယ်တန်းပြ ဘာသာရပ် မွမ်းမံသင်တန်းတွင် ဆုရရှိခဲ့သော ဆရာ/ဆရာမများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်မှ လည်းကောင်း၊ မူလတန်းပြ ဘာသာရပ် မွမ်းမံသင်တန်းတွင် ဆုရရှိခဲ့သော ဆရာ/ဆရာမများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်မှ လည်းကောင်း၊ အခြေခံ ဆရာ/ဆရာမများ မွမ်းမံသင်တန်း ပြီးမြောက်ကြောင်း လက်မှတ်များအား ဒုတိယကျောင်းအုပ်ကြီး ဒေါ်သန်းသန်းစိုးက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ မကွေးတိုင်းဒေသကြီးအတွင်း အသစ်ခန့်ထားသော အခြေခံပညာ ဆရာ၊ ဆရာမများ ဘာသာရပ်ဆိုင်ရာ သင်တန်းကို(၈.၁၁.၂၀၂၁)ရက်နေ့မှ (၈.၁၂.၂၀၂၁)အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ထောက် အလယ်တန်းပြ ဆရာ/ဆရာမ (၃၁)ဦး၊ လက်ထောက် မူလတန်းပြ ဆရာ/ဆရာမ(၂၁၀)ဦး စုစုပေါင်း ဆရာ/ဆရာမ (၂၄၁)ဦးအား သင်ကြား ပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)