စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၄) ခုတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် ရွှေဘိုပေါ်ဆန်းစပါး (၁၂၂၈၂) ဧက စိုက်ပျိုးပြီးစီး

မုံရွာ သြဂုတ် ၂၁

၂၀၁၉-၂၀၂၀  ဘဏ္ဍာရေးနှစ်မိုးစပါး စိုက်ပျိုးရာသီ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၄) ခုတွင် ရွှေဘို ပေါ်ဆန်းစပါး (၁၂၂၈၂) ဧကကို စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးထံမှ သိရသည်။

ရွှေဘိုပေါ်ဆန်းစပါးမျိုးစိုက်ပျိုးပြီးစီးမှုအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာ ခရိုင်အတွင်း (၅)ဧက၊ ရွှေဘိုခရိုင်အတွင်း (၁၀၈၉၄)ဧက၊ ကန့်ဘလူခရိုင်အတွင်း (၁၃၀၀) ဧက နှင့် ကသာခရိုင်အတွင်း (၈၃) ဧကကို  ဇူလိုင်လအကုန်အထိ စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။

“အခုဧက (၁၂၀၀၀) ကျော်တော့ စိုက်ပြီးနေပြီ၊ ပြောင်းလဲ လာတဲ့ရာသီဥတု အခြေအနေကြောင့်စိုက်ပျိုးရေ အခက်အခဲရှိနေတယ်၊ ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့ ကိုက်ညီမဲ့ စိုက်နည်းစနစ်တွေ ပြောင်းပြီးတော့ လုပ်ဆောင် နေတယ်၊ အခုလောလောဆယ် ခရိုင်(၄)ခုမှာပဲ စိုက်ပျိုးနိုင် သေးတယ်၊ ကျန်တဲ့ခရိုင်တွေက စပါးမျိုး ပျိုးထောင်ပြီး မြေပြင်တာတွေ လုပ်ဆောင်နေတယ်၊ ရွှေဘိုပေါ်ဆန်းစပါးမျိုးက ဒေသရဲ့ အမှတ်အသား ထွက်ကုန်တစ်မျိုး လို့ပြောလို့ရတယ်၊ အခုနှစ်မှာ တော့ ဧက (၄)သိန်းကျော်စိုက်ပျိုးဖို့ လျာထားတယ်၊ လျာထားချက် ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက်ကို စိုက်ပျိုးရေး ဝန်ထမ်းတွေနဲ့ တောင်သူတွေ ပူးပေါင်း ပြီးတော့ လုပ်ဆောင်နေပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မိုးစပါးစိုက်ရာသီတွင် ရွှေဘိုပေါ်ဆန်း စပါးမျိုးကို စစ်ကိုင်းခရိုင်အတွင်း (၈၀၀)ဧက၊ မုံရွာခရိုင်အတွင်း (၁၂၃၈၀) ဧက၊ ယင်းမာပင်ခရိုင်အတွင်း (၃၀) ဧက၊ ရွှေဘိုခရိုင်အတွင်း (၃၇၄၉၂၀) ဧက၊ ကသာခရိုင် အတွင်း (၁၈၆)ဧက၊ ကန့်ဘလူခရိုင်အတွင်း (၄၇၂၁၇)ဧက၊ ကလေးခရိုင်အတွင်း (၂၉၀၄)ဧက စုစုပေါင်း (၄၃၈၄၃၇)ဧက ကိုစိုက်ပျိုးရန်လျာထားကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

ဝင်းဦး (ဇေယျာတိုင်း)