မြိတ် ဒီဇင်ဘာ ၈
ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေး၊ မီးဘေး ကြိုတင်ကာကွယ်ရေးအတွက် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက မြိတ် မြို့ မြိတ်တောင်ကျေးရွာ ရွှေပြည်တန်ရပ်ကွက်တွင် တစ်အိမ်တက်ဆင်း မီးသုံးစွဲမှုစစ်ဆေးပြီး ပညာပေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စစ်ဆေးပညာပေးဆောင်ရွက်ခြင်းကို ပြည်သူများ မီးသတိမူရေးနှင့် မီးဘေးကြိုတင် ကာကွယ်နိုင်စေရေး ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး တစ်အိမ်တက်ဆင်းမီးသုံးစွဲမှု စစ်ဆေးခြင်း၊ အရေးပေါ်ဖုန်း နံပါတ် 191 ပါ မီးသတိပြုစာတမ်းများကပ်ခြင်း၊ ကားလမ်း ဖြတ်၍ သွယ်တန်းထားသော လျှပ်စစ်မီးကြိုး၊ ဖုန်းကြိုး၊ ဝိုင်ဖိုင်ကြိုးများကို သတ်မှတ်အမြင့်ပေ (၁၅)ပေတွင် သွယ်တန်းကြရန် စည်းရုံးပညာပေးခဲ့ကြ၍ မီးဘေးကာကွယ်ရေးအတွက် မီးသတ်ရေကန်တည်ဆောက်မည့်နေရာအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ ဝင်များက အမှတ်(၄) အရန်မီးသတ်တပ်ရင်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။ အလားတူ မြိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင်လည်း ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် စစ်ဆေး ပညာပေးဆောင်ရွက်ခြင်းကို မီးသတ်ဦးစီးဌာနမှ အရန်မီးသတ် တပ်ရင်းများဖြင့် ပူးပေါင်း၍ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး(မြိတ်)