ရွှေတောင် ဒီဇင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံရန် ကျန်ရှိသည့် အသက်(၁၈)နှစ်အထက် ရှိသူများအား ယနေ့ နံနက်ပိုင်းက ကြာနီကန်ရပ်ကွက် သာသနာ့ဗိမာန်တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံရာတွင် တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသည့် မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများ အပါအဝင် သတ်မှတ်ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ပထမအကြိမ် ထိုးနှံခြင်းကို ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ မြို့ချောင်းဒေသအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းအား ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေး ပြီး မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက ဆေးထိုးခြင်းမပြုမီ လက်သန့်ဆေးရည်ဖြင့် လက်ဆေး စေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။ ဆေးမထိုးရအုပ်စု မှန်/မမှန် စိစစ်ခြင်းနှင့် ကာကွယ်ဆေးထိုးပြီးလျှင် ဆေးနှင့်ဓာတ်မတည့်ခြင်းနှင့် ဘေးထွက်ဆိုးကျိုး လက္ခဏာများ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ချက်ချင်းအရေးပေါ် တုံ့ပြန်နိုင်ရန် အတွက် ကျန်းမာရေးဝန်ထမ်းများက ပြောကြားခဲ့ပြီး ဆေးထိုးပြီးသူများအား မိနစ်(၂၀)ကြာ စောင့်ကြပ် ကြည့်ရှုပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)