ပေါက်ခေါင်း ဒီဇင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန် အတွက် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် ၁၈ နှစ်နှင့် အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေး ထိုးနှံရာတွင် အကြောင်း အမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား (Phase-5 first dose) ကာကွယ်ဆေး ထိုးနှံပေးခြင်း ကို ယနေ့ နံနက်ပိုင်းက ပေါက်ခေါင်းမြို့ လေးမျက်နှာဇာတ်ရုံနှင့် သတ်မှတ်ထားသည့် ဆေးထိုးစုရပ် အသီးသီးတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင်လည်း ကာကွယ်ဆေး လာရောက်ထိုးနှံကြသူ များကို ကျန်းမာရေးဝန်းထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ ရောဂါအခံရှိ/မရှိ မေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးတာဝန်ရှိသူများ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ဒီဇင်ဘာလ ၉ ရက်နေ့ တွင်လည်း ပထမအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)